နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့်ပြည်တွင်း လုပ်ငန်းရှင်များအကြား ဆက်သွယ်မှု မြှင့်တင်ရန် မန္တလေး ရင်းနှီးမြှုပ်နှံမှု ပြပွဲ ကျင်းပ

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့်ပြည်တွင်း လုပ်ငန်းရှင်များအကြား ဆက်သွယ်မှု မြှင့်တင်ရန် မန္တလေး ရင်းနှီးမြှုပ်နှံမှု ပြပွဲ ကျင်းပ

Posted on 30 September 2015

မန္တလေး ရင်းနှီးမြှုပ်နှံမှု ပြပွဲကို စက်တင်ဘာလ ၃၀ ရက်တွင် မန္တလေးမြို့၌ ကျင်းပခဲ့သည်။ ယင်းပြပွဲကြီး ဖြစ်မြောက်ရေး အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)၊ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် မန္တလေး တိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) တို့ ပူးပေါင်း စီစဉ်ပြီး မန္တလေး တိုင်းဒေသကြီး အစိုးရနှင့် ဂျပန် နိုင်ငံခြား ကုန်သွယ်မှု အဖွဲ့ (JETRO) တို့မှ ကူညီ ပေးခဲ့သည်။ မန္တလေး တိုင်းဒေသကြီး အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို မြှင့်တင်ပေးရန်နှင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များကို အလားအလာရှိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်ပေးရန် ကျင်းပခဲ့ခြင်း ဖြစ်သည်။

Mandalay Hill Resort Hotel တွင် ကျင်းပခဲ့သော မန္တလေး ရင်းနှီးမြှုပ်နှံမှု ပြပွဲသို့ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ-ပြည်ထောင်စု ဝန်ကြီး ဦးဇေယျာအောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်လဲ့လဲ့သိန်း၊ မန္တလေး တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အရာရှိများ၊ နိုင်ငံခြား သံရုံးများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် မန္တလေးမှ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့ဖြစ်ပြီး အထက်မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းတို့၏ စီးပွားရေး အချက်အချာ ဒေသဖြစ်သည့် အပြင် အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ဆောင်ရန် အလားအလာကောင်း များစွာရှိနေသည်။ ထိုသို့ အလား အလာရှိသော စီးပွားရေး လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများ မြောက်များစွာ တည်ရှိနေ သော မန္တလေးတိုင်း ဒေသကြီးသို့ နိုင်ငံခြားနှင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများ ထပ်မံ ဝင်ရောက်လာရန် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်နှင့် စီးပွားရေး ဖွံ့ဖြိုးစေမည့် အချက်အလက်များကို ဘက်စုံ မြှင့်တင်ရန် လိုအပ်လျက်ရှိပါသည်။

မန္တလေး ရင်းနှီးမြှုပ်နှံမှု ပြပွဲကို အထောက်အပံ့ ဖြစ်စေရန် မန္တလေး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း လေ့လာမှုကို ဇူလိုင် ၂၀၁၅ မှ စတင်၍ မန္တလေးတွင် ပြုလုပ်ခဲ့ပါသည်။ အကြို တွေ့ရှိချက်များကိုလည်း သက်ဆိုင်သည့် အဖွဲ့အစည်းများ ဖြစ်သော အစိုးရ ဌာနများ၊ စီးပွားရေး အသင်းအဖွဲ့များနှင့် ဩဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သော Mandalay Stakeholders’ Meeting တွင် တင်ပြခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အနေဖြင့် ကျင်းပခြင်း ဖြစ်သော မန္တလေး ရင်းနှီးမြှုပ်နှံမှု ပြပွဲကို အင်အား ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး အစီအစဉ် လေးမျိုးဖြင့် ကျင်းပခဲ့ရာ စက်တင်ဘာ ၃၀ ရက်တွင် မန္တလေး ရင်းနှီးမြှုပ်နှံမှု ပြပွဲနှင့် ပြခန်းများ၊ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲများ၊ စီးပွားရေး တွေ့ဆုံပွဲများ ကျင်းပခဲ့သည်။ အောက်တိုဘာ ၁ ရက်နေ့တွင် လေ့လာရေး ခရီးစဉ် ပါရှိသည်။ မန္တလေး ရင်းနှီးမြှုပ်နှံမှု ပြခန်းများ ကျင်းပရခြင်းမှာ ဘက်စုံ တိုးတက်မှုနှင့် ဖွံ့ဖြိုးမှု ရှိလာနိုင်မည့် မန္တလေး ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်များ၊ အခြေခံ အဆောက်အအုံများနှင့် အခွင့်အလမ်းများကို ဖော်ထုတ် ပြသရန် ဖြစ်သည်။ ကဏ္ဍပေါင်းစုံ ဖြစ်သော စက်မှု၊ စိုက်ပျိုးရေးမှ အစပြု၍ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ အထိ ပါဝင်သော ပြခန်း ၁၄ ခန်း ပါဝင် ပြသခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲတွင် တင်ပြချက် (၇) ခုကို ဆွေးနွေးခဲ့ပြီး စုပေါင်းဆွေးနွေးမှုကိုလည်း ပြုလုပ်ခဲ့သည်။ အလားအလာရှိ သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ နှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ အကြား ဆက်သွယ်မှု မြှင့်တင်ရန် ပြုလုပ်သော စီးပွားရေး တွေ့ဆုံပွဲတွင် ပြည်တွင်း ပြည်ပမှ လုပ်ငန်းရှင်များ ၁၂၀ ဦး ပါဝင်ဆွေးနွေးခဲ့ကြသည်။ မန္တလေးရှိ ဖွဲ့ဖြိုး တိုးတက်လျက် ရှိသော စီးပွားရေး အခြေခံ အဆောက်အအုံများကို လေ့လာရန် အောက်တိုဘာ ၁ ရက်နေ့တွင် ပြုလုပ်မည့် လေ့လာရေး ခရီးကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ အင်အား ၁၀၀ ကျော်က လိုက်ပါလေ့လာကြမည် ဖြစ်အပ်သည်။

မန္တလေး ရင်းနှီးမြှုပ်နှံမှု ပြပွဲသည် မန္တလေး တိုင်းဒေသကြီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်မည့် အခွင့်အလမ်းကောင်းများ ယူဆောင်လာလိမ့်မည်ဟု ပွဲစီစဉ်သူများမှ မျှော်လင့်ထားကြပါသည်။