မြန်မာ့ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုညီလာခံ -၂၀၁၆ ကျင်းပခြင်း

မြန်မာ့ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုညီလာခံ -၂၀၁၆ ကျင်းပခြင်း

Posted on 29 November 2016

နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ အနာဂတ်စီးပွားရေး ဆက်သွယ်မှု များ ပိုမိုတိုးတက်လာစေရေးတို့ကို အထောက်အကူဖြစ်စေရန် အတွက် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ တွင် မြန်မာ့ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ညီလာခံ -၂၀၁၆ ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ တွင် လန်ဒန်မြို့ Willis Tower Waston ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါညီလာခံတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E Mr. Andrew Patrick မှ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြား ခဲ့ပါသည်။ ထို့နောက် ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဝန်ကြီးဌာနဝန်ကြီး Mr. Mark Garnier MP မှ The UK & Myanmar – Partnering together for the 21st Century ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သည် Myanmar Today and Opportunities Tomorrow ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် YGA Capital Ltd Managing Director ဦးသူရကိုကိုတို့သည်  Opening Doors to Myanmar ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ဆိုင်ရာ အကြောင်းအရာ များကို ပါဝင် ဆွေးနွေးခဲ့ပါသည်။

          အဆိုပါညီလာခံသို့ ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဌာနမှ ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ် (၇၀) ကျော်နှင့် ဗြိတိန်နိုင်ငံရှိ စီးပွားရေး လုပ်ငန်းများမှ ကိုယ်စားလှယ် (၁၇၀) ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါ သည်။