ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ဒုတိယအကြိမ် အဆင့်မြင့်ညီလာခံသို့ တက်ရောက်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ဒုတိယအကြိမ် အဆင့်မြင့်ညီလာခံသို့ တက်ရောက်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

Posted on 15 July 2024

(ရန်ကုန်၊ ဇူလိုင် ၁၄)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (China International Development Cooperation Agency-CIDCA) ၏ ဖိတ်ကြား ချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့၌ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့အထိ  ကျင်းပသည့် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ဒုတိယအကြိမ် အဆင့်မြင့် ညီလာခံ (Second High-Level Conference of the Forum on Global Action for Shared Development) ကို တက်ရောက်ခဲ့သည်။

အဆိုပါညီလာခံသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲနှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၊ တရုတ်နိုင်ငံ နိုင်ငံ တကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (CIDCA) ဥက္ကဋ္ဌ Mr. Luo Zhao-hui ၊ ဖိတ်ကြားထားသော အာရှနိုင်ငံများ၊ လက်တင်အမေရိကနိုင်ငံများ၊ အာဖရိကနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းအသီးသီးမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ကြပြီး မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် ကိုယ်စားလှယ် နှစ်ဦးတို့ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့‌ ရောက်ရှိနေစဉ်အတွင်း ဇူလိုင်လ ၁၁ ရက်နေ့၊ ညနေပိုင်းတွင် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး နှင့်ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (CIDCA) မှ တည်ခင်းဧည့်ခံသည့် ကြိုဆို ဂုဏ်ပြုခြင်း အထိမ်းအမှတ် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

ဖိုရမ် ပထမနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဆိုပါဖွင့်ပွဲအခမ်းအနား အပိုင်း - ၁ ၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်ရန် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှုများ (Joint Actions to Promote the Sustainable Development) ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် အပြန်အလှန် ဆွေးနွေးခြင်း အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးအနေဖြင့် အီဂျစ်နိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံ၊ ပါကစ္စတန် နိုင်ငံ၊ တန်ဇန်းနီးယားနိုင်ငံ၊  ပါပူအာနယူးဂီနီနိုင်ငံတို့မှ  ဝန်ကြီးများ၊ အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) မှ ဒုတိယဥက္ကဋ္ဌ၊ အမေရိကန် ပြည်ထောင်စု ကိုလံဘီယာတက္ကသိုလ်မှ ဆင်းရဲမှုပပျောက်ရေးပညာရှင် (ပါမောက္ခ/ညွှန်ကြားရေးမှူး) တို့နှင့်အတူ ပါဝင်ဆွေးနွေးခဲ့ပါသည်။

ဇူလိုင်လ ၁၂ ရက်နေ့၊ ညနေပိုင်းတွင်  ဖွံ့ဖြိုးမှုမျှဝေခြင်း အတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ဒုတိယအကြိမ် အဆင့်မြင့် ညီလာခံသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးအပါအဝင် နိုင်ငံအသီးသီးမှ အဆင့်မြင့် ကိုယ်စားလှယ် ၁၄ ဦးတို့သည်  ပြည်သူ့ခန်းမကြီး (Great Hall of the People) သို့ သွားရောက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် ဗဟိုကော်မတီ နိုင်ငံရေးဗျူရို၏ အမြဲတမ်းပါတီအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဒုတိယဝန်ကြီးချုပ် H.E. Mr. Ding Xuexiang အား တွေ့ဆုံ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်မည့် ကမ္ဘာ့ဖွံ့ဖြိုးမှုနှင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုမျှဝေရေးဆိုင်ရာ လုပ်ငန်းစဉ်များ အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဇူလိုင်လ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တို့တွင် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ဒုတိယအကြိမ်အဆင့်မြင့် ညီလာခံ (Second High-Level Conference of the Forum on Global Action for Shared Development) အား ဖိုရမ်ခွဲ ၅ ခု ဖြစ်သည့်- ကမ္ဘာ့တောင်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ခေတ်မီ ဖွံ့ဖြိုးမှုကို မြင့်တင်ခြင်း -လမ်းကြောင်းသစ်၊ အမြင်သစ် (Promoting Modernization of the Global South: New Pathways, New Visions)၊  ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ရန် ဆန်းသစ်သောနည်းလမ်းများ ဆိုင်ရာဆွေးနွေးပွဲ - ပိုမိုကောင်းမွန်သော အနာဂါတ်အတွက် နိုင်ငံ၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်များ (Dialogue on Innovative Approaches to Accelerating Sustainable Development: Country, Regional and Global Action for a Better Future)၊ စွမ်းအင်အကူးအပြောင်းနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၊ (Energy Transition and Sustainable Development) အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် ကဏ္ဍစုံမှ ပါဝင်ချိတ်ဆက်ဆောင်ရွက်မှု- စဉ်ဆက်မပြတ် မိတ်ဖက် ဆောင်ရွက်မှုမှ တစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုဖြစ်စေရေး (Multi-Sector Engagement in International Development Cooperation: Enabling Global Growth Through Sustainable Partnership) နှင့် မျိုးဆက်များစည်းလုံးခြင်း- ဒီဂျစ်တယ်ခေတ် ကမ္ဘာလုံးဆိုင်ရာ လူငယ်များ၏ တာဝန်များမျှဝေခြင်း (Uniting Generations: Shared Global Youth Responsibilities in the Digital Era) ခေါင်းစဉ်တို့ဖြင့်တက်ရောက်လာသည့် နိုင်ငံများနှင့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ဒုတိယအကြိမ်အဆင့်မြင့် ညီလာခံ (Second High-Level Conference of the Forum on Global Action for Shared Development) ၏ ပိတ်ပွဲ အခမ်းအနားသို့လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။

ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (China International Development Cooperation Agency - CIDCA) ဥက္ကဋ္ဌ H.E. Mr Luo Zhahui က ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့အား သီးခြား လက်ခံတွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဖွံဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးအဖွဲ့နှင့် CIDCA ဒုတိယဥက္ကဋ္ဌ Mr. Yang Weiqun နှင့် အဖွဲ့သည် နှစ်နိုင်ငံ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်နှင့် လုပ်ဆောင်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. OUYANG Daobing တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသည့် ရင်းနှီမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်လည်း ပြန်လည်လိုက်ပါလာသည်။