ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ စတုတ္ထအကြိမ်ရုရှား-မြန်မာအစိုးရအချင်းချင်းကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေး၊ဆက်စပ်အစည်းအဝေးများနှင့်ရုရှားနိုင်ငံတကာဖိုရမ်နှင့်ကုန်စည်ပြပွဲသို့တက်ရောက်

ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ စတုတ္ထအကြိမ်ရုရှား-မြန်မာအစိုးရအချင်းချင်းကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေး၊ဆက်စပ်အစည်းအဝေးများနှင့်ရုရှားနိုင်ငံတကာဖိုရမ်နှင့်ကုန်စည်ပြပွဲသို့တက်ရောက်

Posted on 29 January 2024

နေပြည်တော် ဇန်နဝါရီ ၂၈

ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာမက်ခ်ဆင်းရယ်ရှဲသငြိကော့ဗ်၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၇ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ All-Russian Exhibition Center (VDNH – Exhibition of Achievements of National Economy)၌ ကျင်းပသည့် စတုတ္ထအကြိမ် ရုရှား - မြန်မာအစိုးရ အချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် ရုရှားနိုင်ငံတကာဖိုရမ်နှင့် ကုန်စည်ပြပွဲသို့ တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် ကော်မရှင်ပူးတွဲ ဥက္ကဋ္ဌများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်ပြီး နှစ်နိုင်ငံ အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှု၊ စွမ်းအင်၊ သတ္တု၊ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရုရှား - မြန်မာကျောင်းများ တည်ထောင်ရေးကိစ္စရပ်များကို ဆွေးနွေးသည်။

ထို့နောက် ကော်မရှင်အစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးကို ဆက်လက်ကျင်းပရာ မြန်မာဘက်မှ ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရုရှားဘက်မှ ဥက္ကဋ္ဌ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာမက်ခ်ဆင်းရယ်ရှဲသငြိကော့ဗ်တို့က အဖွင့်အမှာစကားပြောကြားကြပြီး မြန်မာနိုင်ငံ နေပြည်တော်၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပခဲ့သည့် တတိယအကြိမ် ကော်မရှင်အစည်းအဝေး နောက်ပိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင် နှင့်သတ္တု၊ အဏုမြူစွမ်းအင် ငြိမ်းချမ်းစွာ အသုံးပြုရေး၊ ရာသီဥတုပြောင်းလဲမှု၊ ဆောက်လုပ်ရေး နှင့် အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ၊ ဘဏ်နှင့်ငွေကြေး၊ စက်မှု၊ ခရီးသွားလာရေး၊ ပညာရေး၊ သိပ္ပံနှင့်ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် အားကစားအစရှိသည့် နယ်ပယ်များတွင် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာအိစ်ကန်ဒဲအာဇီဇော့ဗ်နှင့် ရုရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းတို့က နှစ်နိုင်ငံအကြား နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီးက ရုရှားနိုင်ငံတကာဖိုရမ်နှင့် ကုန်စည်ပြပွဲရှိ “Feel Russia” ခရီးသွားလာရေးပြခန်းကို လိုက်လံရှင်းလင်းပြသပြီး နှစ်နိုင်ငံခရီးသွားလာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် စီးပွားရေးဖိုရမ်ကို ဆက်လက်ကျင်းပရာ ကော်မရှင်ပူးတွဲဥက္ကဋ္ဌများက အဖွင့်အမှာစကားပြောကြားကြပြီး နှစ်နိုင်ငံအစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များက ကုန်သွယ် ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားလာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ဘဏ္ဍာရေးနှင့်သတင်းအချက်အလက် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ခေါင်းစဉ်တို့နှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် စီးပွားရေးအခွင့်အလမ်းများ၊ ဥပဒေ၊ နည်းဥပဒေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် အနေဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍတွင် မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများနှင့် အလားအလာများအကြောင်းကို Panel list အဖြစ် ပါဝင်ဆွေးနွေး သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ    ၂၅ ရက် နံနက်ပိုင်းက ဥရောပ-အာရှ စီးပွားရေးကော်မရှင်၊ ပေါင်းစည်းမှု တိုးတက်ရေးဌာနမှ     Ms. Gohar Barseghyan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ဥရောပ - အာရှ စီးပွားရေးကော်မရှင်တို့အကြား လက်မှတ်ရေးထိုးပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များဖြစ်သည့် စက်မှုနှင့်စိုက်ပျိုးရေး အခြေပြု စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းနှင့် Gorchakov Fund တို့ ပူးပေါင်းကျင်းပသည့် ရုရှား-အာရှ-ပစိဖိတ်ဒေသ မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်ရေး စကားဝိုင်းဆွေးနွေးပွဲသို့တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။

အဆိုပါ စတုတ္ထအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးကော်မရှင်အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် ရုရှားနိုင်ငံ တကာဖိုရမ်နှင့် ကုန်စည်ပြပွဲတို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်အတူ  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ပါဝင်တက်ရောက်သည်။