(၁/ ၂၀၂၃) ကြိမ်မြောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းအပါအဝင် လုပ်ငန်းသစ် (၈) ခုကိုခွင့်ပြု

(၁/ ၂၀၂၃) ကြိမ်မြောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းအပါအဝင် လုပ်ငန်းသစ် (၈) ခုကိုခွင့်ပြု

Posted on 13 February 2023

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၁၈)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၈) ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် လျှပ်စစ်ကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၈) ခုကို ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၄၃.၆၃၄) သန်းနှင့် ကျပ် (၉၈၀၇၈.၀၉၄) သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၃၇၄) ခုကို ဖန်တီးပေးနိုင်မည်ဖြစ် ပါသည်။ ယနေ့အစည်းအဝေးက ခွင့်ပြုခဲ့သော လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင် အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်ပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသ ပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈.၃၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄.၆၃ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄.၃၄ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။