ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအားတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအားတွေ့ဆုံ

Posted on 03 May 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌဦးအောင်နိုင်ဦးသည် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက ကရင်ပြည်နယ်သည် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် ထိစပ်လျက်ရှိသဖြင့် ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် စိတ်ဝင်စားမှုရှိပါကြောင်း၊ ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူလျင်မြန် အဆင်ပြေချောမွေ့စေရေးနှင့် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေးသည် အရေးကြီးကြောင်း၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီက ခွင့်ပြုထားသည့် လုပ်ငန်းများအပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပြီးလုပ်ငန်းများကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေး ကြပ်မတ် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်၅ရပ်နှင့် ဉီးတည်ချက်၉ရပ်ကို အခြေခံကာ ရင်းနှီးမြှုပ်နှံမှုမူဝါဒကို လိုက်လျော ညီထွေချမှတ်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အချိန်တိုတို အတွင်း ရလဒ်ကောင်းများရရှိမည့် လုပ်ငန်းများကို ဉီးစားပေးလုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် တင်ပြလျှောက်ထားမှုများကို ဥပဒေပြဋ္ဌာန်းချက်ပါ သတ်မှတ် ကာလအတွင်း ပြီးပြတ်အောင် စိစစ်ဆောင်ရွက်ပေးရန် လိုကြောင်း၊ နိုင်ငံသား ကုန်ထုတ် လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီး မြှုပ်နှံသူများအတွက် အထောက်အကူပြုစေမည့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်တစ်ရပ် ဖြစ်ပေါ် လာစေရေးဌာနများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် ဖြစ်ကြောင်းပြောကြားပါသည်။

 

ထို့နောက် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဉက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌက ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြား ခဲ့ပါသည်။ တက်ရောက်လာကြသည့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များက ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စု ဝန်ကြီးသည် ဘားအံစက်မှုဇုန် အစည်းအဝေးခန်းမ၌ ကရင် ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့ စေရေးနိုင်ငံတော်အစိုးရကပြင်ဆင်ဆောင်ရွက်နေသည့် အစီအစဉ်များ၊ COVID-19 ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ်ဆောင်ရွက်နိုင်ရေး ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကိုရှင်းလင်းပြောကြားခဲ့ပါသည်။ တွေ့ဆုံစဉ် တက်ရောက် လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များက စီးပွားရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ နှင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် လုပ်ငန်းအခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဉီးစီးဌာန၊ ပြည်နယ်ဉီးစီးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံကာ အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။