ရင်းနှီးမြှုပ်နှံမှုအခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်ကျင်းပ

ရင်းနှီးမြှုပ်နှံမှုအခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်ကျင်းပ

Posted on 12 April 2021

နေပြည်တော်၊ ဧပြီ ၁၂

           ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကြုံတွေ့နေရသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲများ ကို ဖြေရှင်းပေးနိုင်ရန်အတွက် အစိုးရဌာနဆိုင်ရာများနှင့် ညှိနှိုင်းအစည်းအဝေးကို ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်၍ ယနေ့ နေ့လယ်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

           ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာစေရေးသည် နိုင်ငံတော်အတွက် အရေးကြီးသော ဦးစားပေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်း၊ အထူးသဖြင့် အာရှနှင့် ပစိဖိတ်ဒေသတွင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် နိုင်ငံ့စီးပွားရေး ပြန်လည်ထူထောင်နိုင်ရေးကို ရည်ရွယ်၍ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ လွန်ခဲ့သောနှစ်က ၄၂% ထိကျဆင်းခဲ့ပြီး ယခု ၂၀၂၁ ခုနှစ်တွင် ၅-၁၀%  ကျဆင်းမည်ဟု ခန့်မှန်းထားခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အတားအဆီးနှင့် စိန်ခေါ်မှုဖြစ်စေသည့် ကိစ္စရပ်များကိုဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် ပေးရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဖြေရှင်းဆောင်ရွက်ရာတွင် အဖွဲ့အစည်း ဝန်ကြီးဌာန တစ်ခုတည်းက ဆောင်ရွက်ခြင်းထက် သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးက တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ ရင်းနှီးမြှုပ်နှံမှုများက တစ်ဆင့် နိုင်ငံ၏လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့လာမည်ဖြစ်ပါကြောင်း အလေးထား ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆောင်ရွက်ရာတွင် လက်ရှိရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးပေးခြင်းသည် အဓိက အခန်း ကဏ္ဍမှ ပါဝင်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် အခက်အခဲများကို ယနေ့ အစည်းအဝေးတွင် ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသွားကြရန် ဖြစ်ပါကြောင်းနှင့် မိမိတို့ ဌာနအလိုက် ဆောင်ရွက်ပြီးစီးမှုများကို ပြန်လည် တင်ပြသွားကြရန် မှာကြားခဲ့ပါသည်။

           ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများ၏ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ၊ လုပ်သားများ လုံခြုံစိတ်ချစွာ လုပ်ငန်းခွင် သို့ ပြန်လည်ဝင်ရောက်ရေးနှင့် စက်ရုံများ လုံခြုံစွာလည်ပတ်နိုင်ရေးကိစ္စများ၊  ဘဏ္ဍာရေး ဆိုင်ရာနှင့် အလုပ်သမားရေးရာ ကိစ္စရပ်များအပေါ် အကျယ်တဝင့် ဆွေးနွေးကြပြီး မိမိတို့ဌာနအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြကြရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဌာနအလိုက် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

      အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ အဆင့်မြင့်အရာရှိကြီးများနှင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက်ခဲ့ကြသည်။