ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် အာဆီယံ-ဂျပန် ဗဟိုဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်း မဟာဗျူဟာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ Sedona Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးများမှ အရာထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်နေသည့်ဌာနများမှ ဝန်ထမ်းများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ခြင်းများကို UN ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်နှင့် ကိုက်ညီမှုရှိအောင် ဆောင်ရွက်နိုင်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရာတွင် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ၊ အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များ၊ ရင်းနှီး မြှုပ်နှံမှု နစ်နာမှုများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ပြဿနာများနှင့်စပ်လျဉ်း၍ အသိ ပညာဗဟုသုတများ အထောက်အပံ့ပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရာတွင် အောင်မြင်စေနိုင်မည့် အဓိကအချက်များကို နားလည်နိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် အာဆီယံ-ဂျပန်ဗဟိုဌာနမှ Operational Director ဖြစ်သူ ဒေါက်တာ အောင်မိုးချယ်တို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပါသည်။
ထို့နောက် အိုင်ယာလန်နိုင်ငံမှ Investment Promotion Agency Development ၏ ဒါရိုက်တာဖြစ်သူ Mr. David O’Donovan မှ အလုပ်ရုံဆွေးနွေးပွဲ၏ Session 1 တွင် “Understanding FDI” ခေါင်းစဉ်ဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ သဘောသဘာဝ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အကျိုးကျေးဇူးများ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းကို အထောက်အကူပြုနိုင်မည့် ကောင်းမွန်သည့်အလေ့အကျင့်များနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းကို ထိခိုက်စေသည့်အချက်များကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းမဟာဗျူဟာ ချမှတ်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များကိုလည်းကောင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲ၏ Session 2 တွင် Mr.David O’Donovan မှ Market Outreach ခေါင်းစဉ်ဖြင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်မည့်ဈေးကွက် အထောက်အကူပြုလုပ်ငန်းစဉ်များ၊ ကောင်းမွန်သောအလေ့အကျင့်များနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်း ဆောင်ရွက်နိုင်သည့် နည်းလမ်းများနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ဆွေးနွေးပို့ချခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်း မဟာဗျူဟာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများစုစုပေါင်း (၇၅) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် မတ်လ ၂၆ ရက်နေ့အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ပါသည်။