ပြည်ထောင်စုဝန်ကြီးခရီးစဉ်

ပြည်ထောင်စုဝန်ကြီးခရီးစဉ်

Posted on 08 May 2018

၁။        မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ သွားရောက်ခဲ့ပြီး အစိုးရအဖွဲ့ရုံး၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံ၍ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု အလားအလာ ကောင်းများ ဖော်ထုတ်အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ပါသည်။

၂။         ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးတို့နှင့်အတူ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပုသိမ်မြို့၌ Pathein Industrial Park ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Ayeyarwady Development Co., Ltd. မှ ဥက္ကဋ္ဌ ဦးဇော်ဝင်းရှိန် ဦးဆောင်သည့်အဖွဲ့နှင့်  Irrawaddy Fisheries Development Co., Ltd. မှ ဥက္ကဋ္ဌ ဦးဌေးမြင့်တို့အား တွေ့ဆုံခဲ့ပါသည်။

၃။        ပထမဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက One Belt One Road နှင့် China-Myanmar Corridor နှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များ၊ နိုင်ငံတကာနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားပါသည်။ ဆက်လက်၍ Pathein Industrial Park မှ ဥက္ကဋ္ဌ ဦးဇော်ဝင်းရှိန်မှ Pathein Industrial Park ကို အောင်မြင်အောင် ဆောင်ရွက်နေမှု အခြေအနေများ၊ China-Myanmar Corridor တွင်  ရန်ကုန်-ဧရာဝတီ (ငရုတ်ကောင်း) ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ကိုလည်း ထည့်သွင်း ဆောင်ရွက်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ စီမံကိန်းအနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးတွက် ရန်ကုန်-ပုသိမ်-ငရုတ်ကောင်းလမ်း၊ အဝေးပြေးကားလမ်း၊ အမြန်ရထားလမ်းနှင့် ပုသိမ်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ကို အကောင် အထည်ဖော်ရန် အစီအစဉ်များ၊ ရေနက်ဆိပ်ကမ်း၊ LNG Power Plant နှင့် Wind Power Plant, Petrochemical Refinery Complex, Pathein Economic Development Zone တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံကိန်းကိုတင်ပြခဲ့ပါသည်။ ထို့နောက် Irrawaddy Fisheries Development Co., Ltd. မှ ပုစွန်မွေးမြူရေးကန်များ အဆင့်မြှင့်တင် တူးဖော်ဆောင်ရွက်နေမှုများ၊ အအေးခန်းစက်ရုံများ၊ Processing စက်ရုံများ ထပ်မံတိုးချဲ့ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု အလား အလာကောင်းများကို ဖော်ထုတ်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို အားပေး ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။

၄။        ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊ Pathein Industrial City တို့သို့ သွားရောက်ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။