ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဦးစိုးသိန်းတို့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသို့ သွားရောက်အားပေး

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဦးစိုးသိန်းတို့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသို့ သွားရောက်အားပေး

Posted on 10 December 2023

(ဒီဇင်ဘာလ ၁၀၊ ရန်ကုန်)

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကံဇော်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဦးစိုးသိန်းတို့သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုန်တွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် CMP စနစ်အသုံးပြု၍ ဦးထုပ်အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်နေသည့် Asia Caps Co., Ltd သို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တကွ သွားရောက် ကြည့်ရှု အားပေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်ဝန်ကြီးချုပ်တို့ကို ကုမ္ပဏီ၏ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြပြီး၊ လက်ရှိလုပ်ငန်းလည်ပတ်နေမှု၊ လစဉ်ထုတ်လုပ်နိုင်မှုနှင့် နိုင်ငံခြားသို့ ထုတ်ကုန် ပစ္စည်းတင်ပို့နေမှု၊ ပြည်ပမှ ကုန်ကြမ်းတင်သွင်းနေမှု၊ ပြည်တွင်းလုပ်သား ခန့်ထားပေးနိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က ထုတ်လုပ်မှုစွမ်းအား မြှင့်တင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးချဲ့နိုင်ရေးနှင့် CMP လုပ်ငန်း အောင်မြင်တိုးတက်စေရေး ကိစ္စ ရပ်များအပေါ် စက်ရုံမှလိုအပ်ချက်များကို ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့သည် စက်ရုံလည် ပတ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ ပါသည်။ Asia Cap Co., Ltd သည် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၁၄၀၀ ခန့် ဖန်တီးပေးနိုင်ပြီး ပြည်ပနိုင်ငံများသို့ တစ်လလျှင် ဦးထုပ် အမျိုးမျိုး ၂၅၀,၀၀၀ ခန့် တင်ပို့နေသည့် စက်ရုံဖြစ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် CMP စနစ် အသုံးပြု၍ ဇာပန်းထိုးခြင်းနှင့် အထည်ချုပ်လုပ်ငန်း ဆောင်ရွက်လျက်ရှိသော Sun-Flower Lace Co., Ltd သို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့ကို စက်ရုံ၏ အုပ်ချုပ်မှုအဖွဲ့က ကြိုဆို၍ စက်ရုံလုပ်ငန်း လည်ပတ်နေမှု၊ ကုန်ထုတ်လုပ်နိုင်မှုအခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့၍ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ကူညီပံ့ပိုးပေးစေလိုသည့် ကိစ္စရပ်များနှင့် အခက်အခဲများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က အခက်အခဲများကို ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးအတွက် ကူညီပေါင်းစပ်ညှိနှိုင်းပေး၍ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး၊ ပြည်ပသို့  ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး၊ ထုတ်လုပ်မှု တိုးတက်စေရေး၊ လူမှုရေးဆိုင်ရာ တာဝန်ယူမှု အစီ အစဉ် (Corporate Social Responsibility) ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြည့်ဆည်း ဆွေးနွေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကံဇော်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဦးစိုးသိန်းတို့သည် စက်ရုံအတွင်း လုပ်ငန်းလည်ပတ်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ပါသည်။ Sun-Flower Lace Co., Ltd သည် အရှေ့တောင်အာရှနှင့် ကမ္ဘာ့ နံပါတ်တစ် အကောင်းဆုံး ဇာပန်းထိုး အထည်အမျိုးမျိုးကို ထုတ်လုပ်တင်ပို့လျက်ရှိပြီး ယခု စက်ရုံအပါအဝင် မြန်မာနိုင်ငံ၌ စက်ရုံ ၃ ရုံ တည်ထောင်၍ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃,၀၀၀ ခန့် ဖန်တီးပေး လျက်ရှိသည့် လုပ်ငန်းဖြစ်ကြောင်း သတင်းရရှိပါသည်။