၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါရှင် မြန်မာသူဇာ ရေးသားသည့် “အလုပ်အကိုင် အခွင့်အလမ်းသစ်များစွာကို ဖန်တီးဖော်ဆောင်ပေးနိုင်မည့် မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်” ဆောင်းပါး

၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါရှင် မြန်မာသူဇာ ရေးသားသည့် “အလုပ်အကိုင် အခွင့်အလမ်းသစ်များစွာကို ဖန်တီးဖော်ဆောင်ပေးနိုင်မည့် မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်” ဆောင်းပါး

Posted on 04 August 2020

၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါရှင် မြန်မာသူဇာ ရေးသားသည့် “အလုပ်အကိုင် အခွင့်အလမ်းသစ်များစွာကို ဖန်တီးဖော်ဆောင်ပေးနိုင်မည့်
မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်” ဆောင်းပါး

Covid-19 ကပ်ရောဂါအလွန်ကာလတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းသစ်များ ဖော်ဆောင်နိုင်ရန်၊ မြန်မာ-ဂျပန် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ Video Conferencing စနစ်ဖြင့်ကျင်းပခဲ့တဲ့ မြန်မာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ကျွန်မအနေနဲ့ အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ခွင့်ရခဲ့ပါတယ်။

အဆိုပါရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် Japan External Trade Organization (JETRO) တို့က ပူးပေါင်း ကျင်းပတယ်လို့လဲသိရပါတယ်။ ယခုလို Covid-19 ကပ်ရောဂါနဲ့ ရင်ဆိုင်ကြုံတွေ့နေရချိန်မှာတောင် ဒီလိုမြန်မာ့ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို ဖော်ဆောင်နိုင်ဖို့၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းလျက်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုကိုတော့ ကျွန်မတို့အားလုံး အသိအမှတ်ပြုရမှာဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနရဲ့ အစဉ်တစိုက် ကြိုးပမ်းမှုကြောင့်ပဲ ဒီလိုကပ်ရောဂါကာလမှာတောင် ရင်းနှီးမြှုပ်နှံမှုများ စဉ်ဆက်မပြတ် စီးဝင်လျက်ရှိပြီး ယခုနှစ်မျှော်မှန်းချက်ဖြစ်တဲ့ အမေရိကန် ဒေါ်လာ ၅.၈ ဘီလီယံရရှိဖို့ အလားအလာကောင်းများရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ World Investment Report 2020 အရ Global Foreign Direct Investment က ၂၀၂၀ ပြည့်နှစ်မှာ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားလို့ မြန်မာနိုင်ငံအနေနဲ့လည်း ဒီ Covid-19 ကပ်ရောဂါရဲ့ဂယက်ကို မလွဲမသွေခံစားရနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းနိုင်တယ်လို့ ထင်မြင်ခဲ့မိပေမယ့် ယခုလိုရင်းနှီးမြှုပ်နှံမှုများ စဉ်ဆက်မပြတ် စီးဝင်လျက်ရှိတာကိုသိရှိရတဲ့အတွက် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အားတက်ဂုဏ်ယူမိပါတယ်။

ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းဟာ ကမ္ဘာ့နိုင်ငံများမှာ အရေးပါတဲ့ ဖွံ့ဖြိုးမှုမူဝါဒတစ်ရပ် ဖြစ်တဲ့အတွက်လည်း နိုင်ငံတော်အစိုးရအနေနဲ့ တာဝန်ယူမှုရှိပြီး အရည်အသွေး ပြည့်ဝရုံ သာမက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေတဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းနေတာကိုလည်း တွေ့မြင်နေရပါတယ်။

ဒီလိုဆွဲဆောင်မှုတွေရဲ့ ရလဒ်ကောင်းတစ်ခုအနေနဲ့ အရှေ့တောင်အာရှနိုင်ငံများမှာ ဂျပန်ကုမ္ပဏီများရဲ့ အကြီးဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ Liquefied Natural Gas (LNG) အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် စီမံကိန်းကို များမကြာမီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။ အဆိုပါစီမံကိန်းကို ဂျပန်ကုမ္ပဏီ (၃)ခုဖြစ်သည့် Marubeni, Sumitomo Corporation နှင့် Mitsui & Co တို့က မြန်မာနိုင်ငံ ဧဒင်လုပ်ငန်းစုနဲ့ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံမှ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ သတင်းမီဒီယာများမှတစ်ဆင့် ဖတ်ရှုသိရှိရပါတယ်။ ဒီလိုအရည်အသွေးပြည့်ဝတဲ့ နိုင်ငံစုံကော်ပိုရေးရှင်း ကြီးများ (Multinational Corporations-MNCs) ဝင်ရောက်လာခြင်းဟာ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှုရှိသော၊ ရိုးရှင်းလွယ်ကူမှုရှိသော၊ ကြိုတင်ခန့်မှန်းနိုင်သော၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းတစ်ရပ် ဖော်ဆောင်ပေးနိုင်ကြောင်း သက်သေပြလျက်ရှိနေပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့လည်း အခြေခံအဆောက်အဦကောင်းများ ပိုမို ဖော်ဆောင်ပေးပြီး၊ အဆင့်အတန်းမြင့်မားသည့် စီးပွားရေးဝန်ဆောင်မှုကောင်းများ၊ အရည်အသွေး ပြည့်ဝပြီး သင်လွယ်တတ်လွယ်သော လုပ်သားအင်အားနှင့် ဉာဏပစ္စည်းဆိုင်ရာ အခွင့်အရေးများ ကာကွယ်ပေးနိုင်မှုတို့ ပိုမိုအားကောင်းစေခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလွယ်ကူ ချောမွေ့လာအောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
COVID-19 ကပ်ရောဂါကူးစက်မှုက နိုင်ငံများရဲ့ ကျန်းမာရေးကဏ္ဍကိုသာမက စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတို့ကိုပါ ပြင်းထန်စွာ ရိုက်ခတ်လျက်ရှိရာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအနေနဲ့ အကြီးမားဆုံးရင်ဆိုင်နေရတဲ့ ပြဿနာတစ်ရပ်ကတော့ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ပြဿနာပဲဖြစ်ပါတယ်။ ဒီလိုအလုပ်အကိုင် အခွင့်အလမ်းကောင်းများ ဖော်ဆောင်ပေးနိုင်ရန်နှင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရန်အတွက် နိုင်ငံတော်အစိုးရအနေနဲ့ အခြေခံ အဆောက်အဦဆိုင်ရာ စီမံကိန်းသစ် (၂)ခု ဖြစ်တဲ့ မွန်ပြည်နယ်တွင် ဆောင်ရွက်မည့် အထူးစီးပွားရေးဇုန်နှင့် ရန်ကုန်မြို့အနောက်ဘက်တွင် ဆောင်ရွက်မည့် စက်မှုဇုန်စီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ကြေညာခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့လည်း “အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ဖန်တီးဖော်ဆောင်ပေးနိုင်ရေးသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (MSDP) ၏ အနှစ်သာရလည်း ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ပြီး အရည်အသွေး ပြည့်ဝသော ရင်းနှီးမြှုပ်နှံမှုများကို ဖော်ဆောင်နိုင်ခြင်းမရှိပါက ကောင်းမွန်သည့် အလုပ်အကိုင်များ ဖန်တီးနိုင်ရေးနှင့် စစ်မှန်သော တိုးတက်မှုများ ရရှိနိုင်ရေးတို့သည် အလှမ်းကွာဝေးနေမည်ဖြစ်ပါကြောင်း၊ အရည်အသွေး ပြည့်ဝသော ရင်းနှီးမြှုပ်နှံမှုဖြစ်စေဖို့ လုပ်ခလစာ များပြားရုံသာမက ဝန်ထမ်းများအတွက် လုံခြုံမှုကိုလည်း ပေးစွမ်းနိုင်ရမှာ ဖြစ်ပါကြောင်း” ဗီဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကလည်း “သီလဝါ အထူးစီးပွားရေးဇုန်၏ အောင်မြင်မှုကို နမူနာယူ၍ မြန်မာနိုင်ငံတွင် လက်ရှိလည်ပတ် ဆောင်ရွက်လျက်ရှိသော အထူးစီးပွားရေးဇုန်များထက် သာလွန်ကောင်းမွန်ပြီး ပိုမိုကြီးမားရုံသာမက အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ချိတ်ဆက်နိုင်ပြီး မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက် စီးပွားရေးစင်္ကြံမှတစ်ဆင့် သီလဝါအထူးစီးပွားရေးဇုန်နှင့် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တို့ ချိတ်ဆက်နိုင်မည့် အထူးစီးပွားရေးဇုန်အသစ်တစ်ခုကို ထူထောင်သွားမည်ဖြစ်ကြောင်း” မွန်ပြည်နယ်တွင် ဆောင်ရွက်မည့် အထူးစီးပွားရေးဇုန်နှင့်စပ်လျဉ်း၍ ပြောကြားခဲ့ပြီး၊ ရန်ကုန်မြို့ အနောက်ဘက်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းနှင့်စပ်လျဉ်း၍ “ရန်ကုန်မြို့တော်ကို အာရှ၏ထိပ်တန်းမြို့တော်အဖြစ် ပြန်လည်ရပ်တည်နိုင်စေရန် ရည်ရွယ်၍ စက်မှုဇုန်နှင့် ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦများကို ရန်ကုန်မြို့၏ အနောက်ဘက်တွင် တည်ဆောက်နိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် ဆွစ်ယှဉ်ပြိုင်တင်ဒါစနစ်(Swiss Challenge) ကို မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အကြံပေး အဖွဲ့အစည်းနှင့် ပူးပေါင်း၍ ပွင့်လင်းမြင်သာမှုရှိသော၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော တင်ဒါဖြစ်စေရန် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။

မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက်စီးပွားရေးစင်္ကြံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ၆၂ ကီလိုမီတာအရှည်ရှိ ပဲခူး-ကျိုက်ထိုအမြန်လမ်း စီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ ၄၈၃.၈ သန်းရယူရန် ပြည်ထောင်စုလွှတ်တော်ကလည်း အတည်ပြုထားပြီးဖြစ်ရာ သီလဝါ အထူးစီးပွားရေးဇုန်နှင့် မွန်ပြည်နယ်တွင် ဆောင်ရွက်မည့် အထူးစီးပွားရေးဇုန်တို့ သံလျင်-ပဲခူးလမ်းနှင့် ပဲခူး-ကျိုက်ထို အမြန်လမ်းတို့မှတစ်ဆင့် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရုံသာမက မြန်မာနိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမှတစ်ဆင့် လာအိုနိုင်ငံနှင့် ကမ္ဘာဒီးယားနိုင်ငံတို့သို့ပါ ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပွင့်လင်းလာမှာဖြစ်ပါတယ်။

ယခုအကောင်အထည်ဖော်ဆောင်ရွက်မည့် အထူးစီးပွားရေးဇုန်နှင့် စက်မှုဇုန် စီမံကိန်းများတွင်ပါဝင်မည့် စက်မှုလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ အိမ်ရာအဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်းများနှင့် စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ရာ ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်သားများအဖြစ် သွားရောက်လုပ်ကိုင်နေကြရာမှ ယခုအကောင်အထည်ဖော် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်နှင့် စက်မှုဇုန်စီမံကိန်းများသည် COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံသို့ ပြန်လာကြရသည့် ပြည်တော်ပြန်များနှင့် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေနေသူများအတွက် အခွင့်အလမ်းတစ်ရပ်ပင်ဖြစ်ပါတယ်။

အထူးစီးပွားရေးဇုန်နှင့် စက်မှုဇုန်စီမံကိန်းများကို အကောင်အထည်ဖော်ခြင်းဖြင့် COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရလျက်ရှိသော်လည်း တိုးတက်မှု အလားအလာများစွာရှိသည့် စက်မှုကဏ္ဍတွင် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး အပါအဝင် အရည်အသွေးပြည့်ဝသည့် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖော်ဆောင်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ကျင်းပခဲ့တဲ့ မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ မြန်မာ-ဂျပန် နှစ်နိုင်ငံအစိုးရအကြီးအကဲများနှင့် ဂျပန် စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် စုစုပေါင်း လူဦးရေ(၁၀၀၀) ကျော် တက်ရောက်ခဲ့သည့် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့တဲ့ မြန်မာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဖိုရမ်သည် မြန်မာ-ဂျပန် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် နားလည်ယုံကြည်မှုနှင့် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုများ တိုးပွားခိုင်မာစေမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းသို့ ဂျပန်နိုင်ငံနှင့် အခြားကမ္ဘာ့နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန်အတွက် တွန်းအားတစ်ရပ်ဖြစ်စေမှာ အမှန်ပင်ဖြစ်ပါတော့သည်။

မြန်မာသူဇာ