
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ကုမ္ပဏီဥပဒေသစ်နှင့် အပြောင်းအလဲ
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ စတင်အာဏာသက်ရောက်ပြီး ကျင့်သုံးခဲ့တာ ခြောက်လပြည့် ခဲ့ပြီဖြစ်ပါတယ်။ ကုမ္ပဏီဥပဒေသစ်နှင့်အတူ ပေါက်ပေါက်လာခဲ့တဲ့ အွန်လိုင်းကုမ္ပဏီမှတ်ပုံတင် စနစ်ဖြင့် ခြောက်လတာကာလအတွင်း မှတ်ပုံတင်ခဲ့တဲ့ ကုမ္ပဏီအသစ် ၁၀၄၀၀ ကျော်ရှိပြီး ကုမ္ပဏီ အဟောင်းတွေ အွန်လိုင်းမှာ ပြန်လည်မှတ်ပုံတင်ခဲ့ကြတာလည်း ၄၅၀၀၀ ကျော်ရှိခဲ့တာမို့ စီးပွားရေး လုပ်ငန်းရှင်တွေ အွန်လိုင်းမှတ်ပုံတင်စနစ်အသစ်မှာ အကျွမ်းတဝင် ဖြစ်သွားခဲ့ကြတာ ဝမ်းမြောက် စရာပါ။ ခြောက်လတာကာလအတွင်း မှတ်ပုံတင်ခဲ့တဲ့ ကုမ္ပဏီအသစ် အရေအတွက်ဟာ ယခင့်ယခင် နှစ်တွေက တစ်နှစ်တာကာလ မှတ်ပုံတင်ခဲ့တဲ့ ကုမ္ပဏီအရေအတွက်ထက် ပိုမိုများပြားတာကိုလည်း တွေ့ရပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များ ကုမ္ပဏီမှတ်ပုံတင်စနစ်အသစ်မှာ အကျွမ်းတဝင်ရှိလာ ကြပေမယ့် စီးပွားရေးလုပ်ငန်းရှင်များရော၊ ပုဂ္ဂလိကဘဏ်များရော၊ အစိုးရဌာနအဖွဲ့အစည်း အသီးသီးရော အကျွမ်းတဝင် မရှိသေးတာက ကုမ္ပဏီဥပဒေသစ်ကြောင့် ပြောင်းလဲသွားတဲ့ အခြေအနေတွေပါ။ အဲဒီလို ပြောင်းလဲသွားတဲ့ အခြေအနေတွေကို တစ်ခုချင်း ရှင်းပြပေးလိုပါတယ်။
အများစု မေးကြတာက ကုမ္ပဏီသက်တမ်း တစ်ကြိမ်ကို ယခင်လို ငါးနှစ်ပဲလားဆိုတဲ့ မေးခွန်းပါ။ ဥပဒေသစ်မှာ ကုမ္ပဏီသက်တမ်းတိုးတဲ့စနစ် မရှိတော့ပါ။ ကုမ္ပဏီကို တစ်ကြိမ် မှတ်ပုံတင်ပြီးရင် ကုမ္ပဏီမှာဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကို ကုမ္ပဏီမှတ်ပုံတင်ရုံးကို အွန်လိုင်းကတစ်ဆင့် အချိန်နှင့်တပြေးညီ တင်ပြဘို့သာ လိုအပ်ပြီး ကုမ္ပဏီစာရင်းရှင်းလင်း ဖျက်သိမ်းမှု မပြုသမျှကာလပတ်လုံး သက်တမ်းတိုးဘို့ မလိုဘဲ ဆက်လက်ရပ်တည်သွားလို့ ရပါတယ်။
ကုမ္ပဏီဥပဒေသစ်ပုဒ်မ ၄ (က) (၄) အရ ကုမ္ပဏီတစ်ခုကို အစုရှယ်ယာရှင်တစ်ဦးတည်းနဲ့ ထူထောင်လို့ ရပါတယ်။ ယခင်လို အစုရှယ်ယာရှင် နှစ်ဦးရှိဘို့၊ ဒါရိုက်တာ နှစ်ဦးရှိဘို့ မလိုအပ် တော့ပါ။ ဒါကြောင့် ကုမ္ပဏီအဖြစ် မှတ်ပုံမတင်ဘဲ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ တစ်ဦးတည်းပိုင် လုပ်ငန်းတွေ၊ မိသားစုစီးပွားရေးလုပ်ငန်းတွေ၊ အသေးစားလုပ်ငန်းလေးတွေ ကုမ္ပဏီအဖြစ် မှတ်ပုံတင်ဆောင်ရွက်နိုင်ဘို့ လမ်းပွင့်သွားပြီဖြစ်ပါတယ်။
ယခင်တုံးကတော့ ကုမ္ပဏီမှတ်ပုံတင်ရင် သင်းဖွဲ့မှတ်တမ်းနဲ့ သင်းဖွဲ့စည်းမျဉ်းဆိုတဲ့ မှတ်ပုံတင်စာရွက်စာတမ်း နှစ်စုံလိုအပ်ပါတယ်။ ဥပဒေသစ်အရတော့ အဆိုပါ စာရွက်စာတမ်း နှစ်စုံကို ဖွဲ့စည်းပုံစည်းမျဉ်းအဖြစ် တစ်ပေါင်းတည်းပြုလုပ်လိုက်လို့ ပိုမိုလွယ်ကူရှင်းလင်းသွားစေ ပါတယ်။ အဲဒီအပြင် ကုမ္ပဏီမှတ်ပုံတင်ရာမှာ ယခင်ကလို သင်းဖွဲ့စည်းမျဉ်းကို လက်မှတ်ရစာရင်း ကိုင် (သို့မဟုတ်) ရှေ့နေလက်မှတ်ရေးထိုးစရာ မလိုတော့တဲ့အပြင် သင်းဖွဲ့မှတ်တမ်းနဲ့ သင်းဖွဲ့ စည်းမျဉ်းမှာ တံဆိပ်ခေါင်းခွန် ကပ်ဘို့လည်း မလိုအပ်တော့ပါဘူး။
ကုမ္ပဏီအချို့ ဘဏ်တွေ၊ ဌာနဆိုင်ရာတွေနဲ့ ထိတွေ့ဆောင်ရွက်တဲ့အခါမှာ အဓိကတွေ့ကြုံ ရတဲ့ ပြဿနာကတော့ အဆိုပါ အဖွဲ့အစည်းတွေက ကုမ္ပဏီတွေထံမှ ပုံစံ (၆) ၊ ပုံစံ (၂၆)၊ ပုံစံ (င) စတဲ့ ယခင်က တောင်းခံလေ့ရှိတဲ့ စာရွက်စာတမ်းတွေကို တောင်းခံဆဲဖြစ်တဲ့ အခြေအနေပါ။ ကုမ္ပဏီဥပဒေသစ်မှာ ယခင်ကလို ပုံစံ (၆)၊ ပုံစံ (၂၆) ၊ ပုံစံ (င) ဆိုတာတွေ လုံးဝမရှိတော့ပါ။ ကုမ္ပဏီတစ်ခုနဲ့ ပတ်သက်တဲ့ အခြေအနေအသေးစိတ်ကို အွန်လိုင်း (MyCO) မှာ အချိန်မရွေး တက်ကြည့်လိုက်ရင် နောက်ဆုံးအခြေအနေနဲ့ ကိုက်ညီတဲ့ ကုမ္ပဏီရဲ့ အချက်အလက်ကို အလွယ် တကူသိရှိနိုင်ပါတယ်။ ကုမ္ပဏီမှတ်ပုံတင်ရုံးအနေနဲ့ အဆိုပါ ပုံစံတွေထုတ်ပေးတာ လုံးဝ (လုံးဝ) မရှိတော့ဘူး ဆိုတာကိုလည်း နိုင်ငံပိုင် သတင်းစာတွေကရော၊ ဌာနရဲ့ website www.dica.gov.mm မှာရော အတိအလင်း ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။ အကယ်၍ ကုမ္ပဏီများထံ မဖြစ်မနေတောင်းခံလို့ ကုမ္ပဏီများက ယူဆောင်လာခဲ့တယ်ဆိုရင်လည်း အဆိုပါ စာရွက်စာတမ်းကို ကုမ္ပဏီမှတ်ပုံတင်ရုံးက အသိအမှတ်မပြုဘူးဆိုတာ သိထားဘို့လိုပါတယ်။
ဥပဒေသစ်အရ ကုမ္ပဏီတစ်ခု ဖွဲ့စည်းတည်ထောင်တဲ့အခါ ယခင်ကလို သတ်မှတ်မတည်ငွေ ရင်း (Authorized Capital) ဖော်ပြရန် မလိုတော့တဲ့အပြင် အစုရှယ်ယာတစ်စုတန်ဖိုးကိုလည်း ပုံသေတန်ဖိုး သတ်မှတ်ဘို့ မလိုတော့ပါဘူး။ ဒါကြောင့် ဌာနဆိုင်ရာများ အနေနဲ့ ကုမ္ပဏီများနဲ့ ထိတွေ့ဆက်ဆံတဲ့အခါမှာ ကုမ္ပဏီရဲ့ သတ်မှတ်မတည်ငွေရင်းကို ဖော်ပြပေးဘို့ တောင်းခံခြင်း မပြုကြရန် အသိပေးလိုပါတယ်။
ယခင်က ကုမ္ပဏီတစ်ခုအနေနဲ့ ကုမ္ပဏီမှတ်ပုံတင်ရုံးကို စာဖြင့်ဆက်သွယ် ဆောင်ရွက် တဲ့အခါ ကုမ္ပဏီစည်းတံဆိပ် (Seal) အပြင် တာဝန်ရှိသူလက်မှတ်ရေးထိုး ပေးပို့ဘို့လိုအပ်ပေမယ့် ဥပဒေသစ်အရတော့ အွန်လိုင်းမှာ အီလက်ထရောနစ် စနစ်နဲ့ ပေးပို့ဘို့ပဲလိုပါတော့တယ်။ ကုမ္ပဏီ ရဲ့ နှစ်ပတ်လည်အစီရင်ခံစာအပြင် ပြောင်းလဲဆောင်ရွက်လိုတဲ့ အချက်အလက်တွေ အားလုံးကို ကုမ္ပဏီမှတ်ပုံတင်ရုံးကို စာရွက်စာတမ်းတွေ ပေးပို့စရာ လုံးဝ (လုံးဝ) မလိုတော့ဘဲ MyCO ကတစ်ဆင့် အီလက်ထရောနစ်စနစ်နှင့် ပေးပို့မှုကိုဘဲ လက်ခံဆောင်ရွက်သွားတော့မှာ ဖြစ်ပါတယ်။
ကုမ္ပဏီတစ်ခုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိလိုသူ ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်း များက ယခင်က ကုမ္ပဏီမှတ်ပုံတင်ရုံးကို တောင်းခံလာရင် စာရွက်စာတမ်းများ ကူးယူပေးတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ယခုအခါမှာတော့ ကုမ္ပဏီဥပဒေသစ်အရလည်းကောင်း၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်အရလည်းကောင်း ကုမ္ပဏီအချက်အလက်တွေကို မည်သူမဆို အွန်လိုင်းမှာ တက်ရောက်ရယူ နိုင်ကြတဲ့အတွက် စာရွက်စာတမ်းများကို အချိန်ကုန်ခံ ကူးယူပေးတဲ့ စနစ်လည်း မရှိတော့ပါကြောင်း အသိပေးလိုပါတယ်။
ဥပဒေသစ်အရ နိုင်ငံခြားကုမ္ပဏီတွေကို ယခင်ကလို Form of Permit (အများသိထား ကြတာက Permit to Trade) ဆိုတာ ထုတ်ပေးခြင်း မရှိတော့တဲ့အတွက် ဌာနဆိုင်ရာများအနေနဲ့ နိုင်ငံခြားကုမ္ပဏီတွေထံက Form of Permit တောင်းခံခြင်းမပြုကြဘို့လည်း အသိပေးလိုပါတယ်။
ခြုံပြောရရင်တော့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသစ်ဟာ မှတ်ပုံမတင်ရသေးတဲ့ စီးပွားရေး လုပ်ငန်းတွေ လွယ်လွယ်ကူကူ မှတ်ပုံတင်နိုင်အောင်၊ မှတ်ပုံတင်ပြီးသား ကုမ္ပဏီတွေ ကုမ္ပဏီ ဥပဒေဆိုင်ရာကိစ္စရပ်များကို သက်တောင့်သက်သာ ဆောင်ရွက်နိုင်အောင်၊ ကုမ္ပဏီမှတ်ပုံတင်ရုံးနဲ့ ကုမ္ပဏီတွေအကြား နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်နိုင်အောင်၊ ကုမ္ပဏီတွေရဲ့ ကုမ္ပဏီဥပဒေ လိုက်နာကျင့်သုံးမှု ပိုမိုအားကောင်းလာအောင် ခေတ်နဲ့အညီ ဆောင်ရွက်လိုက်တဲ့၊ ပတ်ဝန်းကျင် ဒေသနိုင်ငံများအားလုံးနဲ့ ရင်ဘောင်တန်းဆောင်ရွက်နိုင်မည့် ဥပဒေတစ်ခု ဖြစ်ပါတယ်။ နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ကုမ္ပဏီဥပဒေကို အကျိုးရှိရှိ အသုံးပြုပြီး စီးပွားရေး အခွင့်အလမ်းတွေ ရယူသွားကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
မောင်ဋီကာ