
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံး၏ အစီစဉ်ဖြင့် Yangon Lotte Hotel ၌ ကျင်းပသည့် “Myanmar Korea Desk Opening Ceremony” သို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။
ဖွင့်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်ထိန်းချုပ်ခြင်း ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဖက်မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် နှင့် ဌာနဆိုင်ရာများမှ အဆင့်မြင့်အရာရှိကြီးများ၊ ကိုရီးယားဖက်မှ Presidential Committee on New Southern Policy ၏ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး နှင့် ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ (၃၀)ခန့် တက်ရောက်ခဲ့ကြပါသည်။
“Korea Desk” ရုံးကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရန်ကုန်ရုံးခွဲ၊ အမှတ် ၄၉၊ စိမ်းလဲ့မေလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားပါသည်။
ယခုကဲ့သို့ “Korea Desk” ဖွင့်လှစ်ခြင်းသည် မြန်မာနိုင်ငံတွင် ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်အတွက် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်ပြီး နှစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအကျိုးသက်ရောက်မှု ရှိလာမည် ဖြစ်ပါသည်။