
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူး၍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီမိတ်ဆက်ပွဲအခမ်းအနားကိုနေပြည်တော်ရှိသင်္ဂဟဟိုတယ်၌ ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်လှထွန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်မျိုး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆက်အောင်၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ကိုယ်စားလှယ်များနှင့် ဌာဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကကဏ္ဍနှင့် သတင်းမီဒီယာများတက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီဥက္ကဋ္ဌဦးသောင်းထွန်းမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီနှင့်ယင်း၏လုပ်ငန်းအဖွဲ့ (၅) ဖွဲ့သည် အလွန်အရေးပါပါကြောင်း၊ တာဝန်ယူမှုရှိပြီးအရည် အသွေးရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုအားပေးမြှင့်တင်ခြင်းဖြင့် မျှတပြီးကြွယ်ဝသည့် လူမှုအသိုက်အဝန်းတစ်ရပ် ဖန်တီးရေးကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသောစက်မှုလုပ်ငန်းများအတွက်အထောက်အကူပြုမည့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းလည်းဖြစ်ပါကြောင်းနှင့် နိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများစီးဝင်လာရန် အဓိကကျသည့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသောရင်းနှီးမြှုပ်နှံမှုဝန်းကျင်ဖြစ်အောင် ဆောင်ရွက်ပေးလျက်ရှိသည့်အစိုးရ၏ ကြိုးပမ်းမှုများကိုထင်ဟပ်စေမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ Chief Representative ဖြစ်သူMr. Masayuki KARASAWA နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် နှင့် JICA မှ Team Leader ဖြစ်သူ Mr. Kazuo Mishimaတို့ကရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီ (IPC) နှင့် စီမံကိန်းနှင့်ပတ်သက်သည့် အချက်အလက်များအားရှင်းလင်းတင်ပြပြီးတက်ရောက်လာသူများ၏ မေးမြန်းချက်များအားပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့ (၅) ဖွဲ့မှ အဖွဲ့ဝင်များ၊ မြန်မာ-ဂျပန်ပူးတွဲလုပ်ငန်းညှိနှိုင်းမှုကော်မတီ (Joint Coordination Committee −JCC) အဖွဲ့ဝင်များ၊ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ပြည်တွင်း၊ ပြည်ပစီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများစုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။