ပြည်ထောင်စုဝန်ကြီး၊ ဦးသောင်းထွန်းသီလဝါအထူးစီးပွားရေးဇုန်သို့ သွာရောက် ကြည့်ရှုစစ်ဆေး

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း ခေါင်းဆောင်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိသီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား သီလဝါအထူးစီးပွားရေးဇုန်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆက်အောင်နှင့် အဖွဲ့ဝင်များ၊ MJTD မှ CEO/ President, Mr. Tomoyasu Shimizu နှင့် ဥက္ကဋ္ဌဦးဝင်းအောင်၊ မြန်မာနိုင်ငံ ဂျပန်သံရုံးမှ တာဝန်ရှိသူများ၊ JICA မှ တာဝန်ရှိသူများ က ကြိုဆိုကြသည်။

ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား သီလဝါအထူးစီးပွားရေးဇုန် ဥက္ကဋ္ဌ ဦးဆက်အောင် က သီလဝါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် လည်းကောင်း၊ MJTD မှ CEO/ President, Mr. Tomoyasu Shimizu နှင့် ဥက္ကဋ္ဌဦးဝင်းအောင် တို့မှ MJTD မှသီလဝါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော် ခဲ့မှုများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက နိုင်ငံတော်အစိုးရသည် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုပမ်းဆောင်ရွက်နေသည်ကို အားလုံး သိရှိကြပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် အဆိုပါပြုပြင် ပြောင်းလဲမှုများနှင့်အညီ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လိုကြောင်း၊ သို့ပါ၍ ကော်မရှင်သည် proactive နည်းလမ်းဖြင့် တက်ကြွစွာ ဆောင်ရွက်နေကြောင်း၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလာရောက်ဆောင်ရွက်စေလိုကြောင်း၊ ထို့ကြောင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင် အောင်မြင်မှု ရရှိသည့် သီလဝါအထူးစီးပွားရေးဇုန်သို့ လာရောက် လေ့လာခြင်းဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်ကတည်း စတင်အကောင်အထည်ဖော်ခဲ့သော သီလဝါ အထူးစီးပွားရေးဇုန်၏ ယနေ့လုပ်ငန်းအောင်မြင်မှုများ (success story) များသည် စံနမူနာကောင်းတစ်ရပ်အဖြစ် ရှုမြင်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်ရှိ One Stop Service Center (OSSC) သည်လည်းအရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများ ဖြစ်သည်ကိုတွေ့ရပါကြောင်း၊ ထို့အပြင်စီမံခန့်ခွဲမှုကော်မတီ၊ ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူများအကြား လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေး ကတိပြုထားသည်ကို လည်း သိရှိရပါကြောင်း၊ လာဘ်ပေးလာဘ်ယူကင်းရှင်းခြင်းသည် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကိုရရှိစေ သဖြင့် ရေရှည်တည်တံ့သည့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် အလွန် အရေးကြီးကြောင်း၊ အဆိုပါ အထူးစီးပွားရေးဇုန်တွင် ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေးစနစ်ကိုအလေးထား ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရကြောင်း၊ လမ်း၊ တံတား၊ ဆိပ်ကမ်းစသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်းသည် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ကြောင်း၊ လူထုဆက်ဆံရေးကူညီမှုရုံးကို ဖွင့်လှစ်ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒသည် ပြည်သူဗဟိုပြုစနစ်ဖြစ်သဖြင့် ယခုကဲ့သို့ ပြည်သူကိုအလေးထားဆောင်ရွက်ခြင်းသည် အရေးကြီးသည့် လုပ်ငန်းစဉ် တစ်ရပ်‌ဖြစ်ကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်တွင် စီမံကိန်းများကိုစနစ်တကျ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရသဖြင့် အလားအလာ ရှိသော ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်မည်ဟုယုံကြည်ကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေးလုပ်ငန်းများပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်စေရန် ပြူတင်းတစ်ပေါက် (Single Window) စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် စံချိန် စံညွှန်းမီ လုပ်ထုံးလုပ်နည်းများကိုလည်းသက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းရေးဆွဲနေကြောင်း၊ မကြာသေးမီကကျင်းပခဲ့သည့် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စီးပွားရေးလုပ်ငန်းများအတွက် တံခါးဖွင့်ထား ကြောင်းကို ထည့်သွင်းပြောကြားခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် တိုကျို၊ ဆိုးလ်၊ စင်္ကာပူ စသည့် မြို့ကြီးများသို့ သွားရောက်၍ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ပါကြောင်း၊ ယခုအချိန်သည် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် စီးပွားရေးလုပ်ငန်များ ဆောင်ရွက်ရန် အချိန်အခါကောင်းတစ်ရပ် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းနှင့် အဖွဲ့သည် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ One Stop Service Center သို့သွားရောက် ကြည့်ရှုခဲ့ပြီး ဝန်ထမ်းများအား သီလဝါအထူးစီးပွားရေးဇုန်အား ပြည်တွင်းသာမက ပြည်ပအဖွဲ့အစည်းများကပါ အားကျရသည့် နမူနာကောင်းတစ်ခုအဖြစ် သတ်မှတ်သည့် အတွက် ဝန်ထမ်းများအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူရမည်ဖြစ်ကြောင်း တာဝန်များကို ကျေပွန်စွာနှင့် ပိုမိုအောင်မြင်အောင် ဆောင်ရွက်စေလိုကြောင်း မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် Foster Electric (Thilawa) စက်ရုံအား သွားရောက်လေ့လာရာ စက်ရုံတာဝန်ရှိသူများက စက်ရုံသမိုင်းကြောင်းနှင့် Speaker, Headphone, audio eclectronic and အခြားဆက်စပ်ပစ္စည်းများ ထုတ်လုပ်နေမှု စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံပြီး မြန်မာနိုင်ငံမှ ဖက်စပ်ပါဝင်သည့် Yangon Can Manufacturing စက်ရုံသို့ သွားရောက်ရာ စက်ရုံတာဝန်ရှိသူများက စက်ရုံသမိုင်းကြောင်းနှင့် သံဗူးများ ထုတ်လုပ်နေမှု နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်းလှည့်လည်ကြည့်ရှုကြသည်။