
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရခိုင်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ မြှင့်တင်ပေးရန်နှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များအား အလားအလာရှိသည့် ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(JICA) ဂျပန်ပြည်ပကုန်သွယ်မှု အဖွဲ့အစည်း(JETRO)နှင့် Myanmar Survey Research Co., Ltd. (MSR)နှင့် ပုဂ္ဂလိကကဏ္ဍမှ ကုမ္ပဏီများ၏ပံ့ပိုးကူညီမှုဖြင့် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲ ၂၀၁၉ ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေရှိ Jasmine Ngapali Resort ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါပြပွဲအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ၊မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာပြည်ပသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအရာရှိကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၊ ဂျပန်ပြည်ပ ကုန်သွယ်မှုအဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတို့မှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ သတင်းမီဒီယာများ စုစုပေါင်း(၆၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များကပြပွဲတွင် ခင်းကျင်းပြသထားသည့် ထုတ်ကုန်ပြခန်း များအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာ၌ တာဝန်ယူမှုရှိပြီး ကောင်းမွန်စွာ အကောင်အထည် ဖော်ဆောင်ရွက်မည့် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများက နိုင်ငံ၏ စီးပွားရေးအနာဂတ် အလားအလာဖော် ဆောင်ရာတွင် ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းဆီ တွန်းတင် ရန်အတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲက ရှာဖွေဖော်ထုတ်ခြင်း မပြုလုပ်ရသေးသော အခွင့်အလမ်းများ အပြည့်ရှိနေသည့် ရခိုင်ပြည်နယ်ကို ဖော်ထုတ်ပြသပေးသွားမည်ဖြစ်ပါကြောင်း၊ ခင်မင်ရင်းနှီးဖော်ရွေပြီး ၎င်းတို့ ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် စိတ်အားထက်သန်နေသည့် ပြည်သူများက ရင်းနှီးမြှုပ်နှံ သူများကို ကြိုဆိုလျက်ရှိပါကြောင်း၊ အစိုးရအဖွဲ့၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပုဂ္ဂလိကကဏ္ဍမှ အသုံးပြုလိုက်သည့် ငွေကြေးတိုင်းသည် ရခိုင်ပြည်နယ်၏ ရခိုင်ပြည်သူ ပြည်သားများ အတွက် ပြန်လည်ထူထောင်ရေးကို အထောက်အကူဖြစ်စေပါကြောင်း၊ ပြီးခဲ့သည့်လက နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး ကိုယ်စားလှယ် ၁၆၀၀ ခန့် တက်ရောက်ခဲ့သည့် Invest Myanmar Summit 2019 တွင် လမ်း၊ လေဆိပ်၊ တည်ဆောက် ရေးစီမံကိန်းများမှ စက်မှုဇုန်များနှင့် မြို့သစ်များ တည်ဆောက်ရေး စီမံကိန်းများအထိ ပါင် သော ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းအသစ်များကို မျှဝေခဲ့ပါကြောင်း၊ အဆိုပါ စီမံကိန်းများသည် စီမံကိန်းဘဏ်တွင် ပါဝင်ပြီး ယင်းစီမံကိန်းများ စတင်သည့်အခါ တင်ဒါစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံအမတ်ကြီးMr. Ichiro Maruyamaတို့မှ အမှာစကား အသီးသီးပြောကြားခဲ့ပြီး အခမ်းအနားအစီအစဉ်အရ ရခိုင်ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းစစ်တမ်း အစီရင်ခံစာကိုMyanmar Survey Research Co., Ltd. (MSR) မှ လည်းကောင်း၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများမှ“Government Policy and Priority Sectors”၊ “Doing Business in Rakhine State and Responsible Investment”၊ “Potentially of Rakhine State” ခေါင်းစဉ်များဖြင့် ကဏ္ဍအလိုက် စကားဝိုင်းဆွေးနွေးပွဲ လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် ဒေသတွင်း လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းရှင်များအချင်းချင်း မိမိစိတ်ပါဝင်စားမှု ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါသည်။
ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ ပါဝင်တက်ရောက်သူများသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့များတွင် ရခိုင်ပြည်နယ်အတွင်း ကမ်းခြေသစ်များရှိ ဟိုတယ်စီမံကိန်းများ၊ ရေထွက်ပစ္စည်းထုတ်လုပ်မှုစက်ရုံများ၊ အိမ်ရာစီမံကိန်းများ၊ ပုစွန်မွေးမြူရေး လုပ်ငန်းများနှင့် သဘာဝအခြေပြုခရီးသွားစီမံကိန်းများသို့ သွားရောက်လေ့လာကြမည်ဖြစ်ပါသည်။
ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲသည် ပြည်နယ်အတွင်းရှိ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင် အခြေအနေကို မြှင့်တင်ပေးနိုင်မည့်အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သတင်း အချက်အလက်များကို မျှဝေနိုင်မည်ဖြစ်ပါသဖြင့် ရခိုင်ပြည်နယ်သို့ ပြည်တွင်းပြည်ပမှ ရင်းနှီး မြှုပ်နှံသူများကို ဆွဲဆောင်နိုင်မည့် အထောက်အပံ့တစ်ခုဖြစ်စေမှာဖြစ်ပါသည်။