
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
(ရန်ကုန်၊ ဧပြီ ၂)
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ဝန်ထမ်းများကို ယနေ့နေ့လယ်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ တွေ့ဆုံခဲ့ပါသည်။
ဤသို့ တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များ၏ ရင်းနှီးမှုကော်မတီများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးသည် ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ လက်ရှိ ရင်းနှီးမြှုပ်နှံသူများ အတွက် ခွင့်ပြုမိန့်ရပြီး နောက်ပိုင်း ဝန်ဆောင်မှု (Aftercare Services) များ ပိုမို ကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ အပေါ် ဝန်ထုပ်၊ ဝန်ပိုး ဖြစ်စေမည့် အတားအဆီးများအား ဥပဒေနှင့်အညီ စိစစ်၍ ဖြေလျော့ ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ One Stop Service (OSS) ၏ အခန်းကဏ္ဍ သည်လည်း လွန်စွာအရေးကြီးသဖြင့် လုပ်ငန်းများ ပိုမိုချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်ကြစေလိုပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး (Investment Facilitation) ကို အခြေပြု၍ ရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရေး (Investment Promotion) လုပ်ငန်းစဉ်များအား ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရေး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ဦးဆောင် ကြပ်မတ်ပေးစေလိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ခွင့်ပြုမိန့် ထုတ်ပေးရန် ကြန့်ကြာနေသည့် လုပ်ငန်းများကို ပြန်လည်စိစစ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ဆက်လက်တင်ပြပေးစေလိုပါကြောင်း မှာကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးလှစိုးက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေး ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပါသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ဦးစီးဌာန၏ဆောင်ရွက်ချက်များအပေါ် ခြုံငုံသုံးသပ်၍ ဆွေးနွေးတင်ပြခဲ့ပါသည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် One Stop Service (OSS) တွင် တာဝန် ထမ်းဆောင်နေသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။