
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရန်ကုန် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး)၏ အစီအစဉ်ဖြင့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်-၂၀၂၅ (Yangon Investment Forum-2025) ကို ယနေ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၊ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။
ပထမဦးစွာ ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်-၂၀၂၅ ၏ အခမ်းအနားကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးမျိုးမြင့်အောင် တို့က မင်္ဂလာမောင်းကို တီး၍ ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးမျိုးမြင့်အောင်၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ဒေဝနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦး တို့က အမှာစကားများ ပြောကြားကြသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် “ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံ၏ စီးပွားရေးမောင်းနှင်မှုအတွက် အရေးပါသော ဒေသတစ်ခုဖြစ်သည့်အပြင် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးဒေသများထဲမှ တစ်ခုဖြစ် ကြောင်း၊ MSME လုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများနှင့် ချိတ်ဆက်မှုရရှိပြီး ရင်းနှီးမြှုပ်နှံ မှု လုပ်ငန်းများအပေါ် ထိရောက်စွာ ပံ့ပိုးပေးနိုင်သည့် လုပ်ငန်း (Supporting Industries) များအဖြစ် ချိတ်ဆက်မှုများ ရရှိကာ ထုတ်လုပ်မှု ကွင်းဆက်ကောင်းများ ဖြစ်ပေါ်လာရန်လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စတင်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီမှုများသည် အရေးကြီးပါသဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဥပဒေနှင့် အညီ ကူညီပံ့ပိုးပေးရန် အသင့်ရှိပါကြောင်း” ထည့်သွင်းပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် က “ရန်ကုန်တိုင်းဒေသကြီး သည် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အားကောင်း သည့် ဒေသတစ်ခု ဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်လုပ်ငန်း၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းတို့အပြင် MSMEs လုပ်ငန်း များကို ပိုမိုကောင်းမွန်လာစေရေးကို ပေါင်းစပ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း” ပြောကြားပါ သည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူ များက လက်မှတ်ရေးထိုးကြကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။ ယနေ့ဖိုရမ်တွင် MSMEs လုပ်ငန်းများ အပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြခန်း စုစုပေါင်း (၂၇)ခန်း စိတ်ဝင်စားဖွယ် ခင်းကျင်းပြသကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက ရှင်းလင်း တင်ပြသည်။
ထို့နောက် စကားဝိုင်း ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပရာ “Power Investment & EV prospect in Yangon” ၊ “Agriculture, Industry and Services in Yangon” နှင့် “Bridging MSMEs & Investment in Yangon” ခေါင်းစဉ်များကို ဆွေးနွေးကြသည်။ ထိုသို့ဆွေးနွေးရာတွင် လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍနှင့် MSMEလုပ်ငန်း ကဏ္ဍတို့၏ အခွင့်အလမ်းများအား အစိုးရဌာနများမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ပါဝင် ဆွေးနွေးကြသည်။
ယင်းနောက် ဆွေးနွေးခဲ့သည့် ကဏ္ဍသုံး ခု အပေါ် စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံချိတ်ဆက်ဆွေးနွေးခြင်း (Business Networking & Matching) အစီအစဉ်ကို ဆက်လက် ကျင်းပရာ ဖိုရမ်သို့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက တက်ကြွစွာ ပါဝင်ဆွေးနွေးကြပြီး ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများအကြား တိုက်ရိုက်စီးပွားရေးချိတ်ဆက်မှုများ ပိုမိုရရှိခဲ့ကြသည်။
အဆိုပါ ဖိုရမ်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန်နှင့် အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖော်ထုတ်ပေးရန်၊ ပြည်တွင်း အငယ်စား၊ အသေးစား၊ အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများအကြား ဆက်သွယ်ချိတ်ဆက်လာနိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပြီး ဖိုရမ်၏ ဆောင်ပုဒ်မှာ “Sustainable Growth, Smart Investment: The Future of Yangon” “စဉ်ဆက်မပြတ် ဖွံဖြိုးမှု၊ ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုနှင့် ရန်ကုန်၏ အနာဂတ်” ဟူ၍ ဖြစ်သည်။