
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
နေပြည်တော်၊ ဧပြီ ၉
မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင် (အီးအီးစီ)တို့အကြား ၂၀၂၃ ခုနှစ် ဇွန် ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သော ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအား အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်း အဝေးနှင့် ဆက်စပ်အစီအစဉ်များကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပသည်။
ဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ မစ္စတာ ကလာဘူကော့ဗ် ပါဗယ်လ်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။ ထို့နောက် ဥရောပ အာရှစီးပွားရေးကော်မရှင်၊ မေခရိုစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာဆာဂေး ဂလေးဇီးယပ်က ဥရောပ အာရှစီးပွားရေးကော်မရှင်၏ ပေါင်းစည်းရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် နည်းပညာ၊ စီးပွားရေး၊ အဖွဲ့အစည်းဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာရှုထောင့်များမှ မဟာ ဥရောပအာရှ မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဥရောပ အာရှ စီးပွားရေးသမဂ္ဂအဖွဲ့ဝင် နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များက မိမိတို့၏ ကုမ္ပဏီများအကြောင်းကို မိတ်ဆက် ရှင်းလင်းပြော ကြားသည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့အကြား လက်မှတ်ရေးထိုး ခဲ့သော ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမ အကြိမ် အစည်းအဝေးကို ကျင်းပရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ပူးတွဲ ဥက္ကဋ္ဌများဖြစ်သည့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်နှင့် မစ္စတာ ဆာဂေးဂလေးဇီးယပ်တို့က အဖွင့်အမှာ စကားပြောကြားကြသည်။ အစည်းအဝေးသို့ ဥရောပအာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစား စီးပွားရေးနှင့် ပေါင်းစည်း ရေးဝန်ကြီး မစ္စတာ ဆာဂေးဂလေးဇီးယပ်နှင့် ကိုယ်စားလှယ်အဖွဲ့က လူကိုယ်တိုင် တက်ရောက်ခဲ့ပြီး ဥရောပအာရှ စီးပွားရေးကော်မရှင်၊ စိုက်ပျိုးရေး ဆိုင်ရာမူဝါဒဌာန၊ စက်မှုရေးရာမူဝါဒဌာန၊ ပို့ဆောင်ရေး နှင့် အခြေခံအဆောက်အအုံဌာန၊ စွမ်းအင် ကုန်သွယ်ရေးဖွံ့ဖြိုးမှုဌာန၊ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးမှုဌာန၊ သတင်းအချက်အလက် နည်းပညာဌာနနှင့် စီးပွားရေးကောင်စီတို့မှ ကိုယ်စားလှယ်များက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဥရောပ အာရှ စီးပွားရေးကော်မရှင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြသည်။ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးသန့်စင်လွင်က မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ပြန်လည်ဆွေးနွေးသည်။
ထို့နောက် ပူးတွဲ ဥက္ကဋ္ဌများက ပထမအကြိမ် အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက်နှင့် ပူးတွဲ လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပမည့်နေ့ရက်နှင့် နေရာတို့ကို အတည်ပြုသည်။ အစည်းအဝေးသို့ ကဏ္ဍအလိုက်သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် ကိုယ်စားလှယ်များ၊ ဥရောပအာရှ စီးပွားရေးကော်မရှင်မှ ကိုယ်စားလှယ်များနှင့် ဥရောပအာရှ စီးပွားရေးသမဂ္ဂမှ စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော်တက်ရောက်သည်။