
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
နေပြည်တော်၊ ဒီဇင်ဘာလ ၁၁ ရက်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးနှင့် Zhejiang ပြည်နယ် ကုန်သွယ်ရေးဉီးစီးဌာနတို့၏ ဉီးဆောင်၍ Zhejiang အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဗဟိုဌာန၊ Chinese Enterprises Chamber of Commerce နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တို့၏ ပူးပေါင်းစီစဉ်မှု ဖြင့် ကျင်းပသည့် “ Matchmaking Conference on China (Zhejiang)-Myanmar Investment Cooperation Promotion” ဆွေးနွေးပွဲသို့ Video Conferencing စနစ်မှတစ်ဆင့် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လွန်ခဲ့သော ဆယ်စုနှစ်များ အတွင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား နှစ်ဦးနှစ်ဖက် အကျိုးရှိစေသည့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာလာပါကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုကြိုးပမ်းရာတွင် စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများမှသည် နိုင်ငံတကာဈေးကွက်သို့ တင်ပို့မည့် စက်မှုကုန်ထုတ်လုပ်ငန်းများ ထူထောင်ရာတွင်လည်းကောင်း၊ အခြေခံအဆောက်အအုံလုပ်ငန်းများနှင့် စွမ်းအင်ကဏ္ဍတွင် လည်းကောင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ဆက်လက်၍ မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အားပေးဖိတ်ခေါ်လျှက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မကြာသေးမီက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) စာချုပ်အား ဆက်လက်ဖော်ဆောင်ရာ၌ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုတိုးမြှင့်လာနိုင်ရေး အလားအလာများကိုလည်းကောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၏ ကိုယ်စားလှယ်က မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူဘောင်နှင့် ရင်းနှီးမြှုပ်နှံစေလိုသည့် ဉီးစားပေးကဏ္ဍများနှင့် အခွင့်အလမ်းများကိုလည်းကောင်း၊ သက်ဆိုင်ရာစီမံကိန်းတာဝန်ရှိပုဂ္ဂိုလ်များက ရန်ကုန်မြို့သစ် စီမံကိန်း၊ ပုသိမ်စက်မှုမြို့တော်စီမံကိန်း၊ အလားအလာရှိသော မြန်မာ့ကမ်းလွန်သဘာဝ ဓါတ်ငွေ့ လုပ်ငန်းများ၊ ချည်မျှင်အထည်အလိပ်ကဏ္ဍနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ စသည့်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ တက်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များမှ မေးမြန်းချက်များကိုလည်း ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ကြပါသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီး နိုင်ငံခြားတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုတွင်လည်း အဓိက အရင်းအမြစ်တစ်ခု ဖြစ်ပါသည်။ Zhejiang ပြည်နယ်သည် တရုတ်နိုင်ငံ အတွင်း ရန်စီမြစ်ဝကျွန်းပေါ် တောင်ဘက်တွင် တည်ရှိပြီး တရုတ်နိုင်ငံ စုစုပေါင်း မြေဧရိယာ၏ ၁ ရာခိုင်နှုန်း၊ စုစုပေါင်း လူဦးရေ၏ ၄ ရာခိုင်နှုန်းနှင့် နိုင်ငံ ဂျီဒီပီ၏ ၆.၃ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။ Zhejiang ပြည်နယ်၏ ပုဂ္ဂလိက စီးပွားရေးသည်လည်း များစွာ တိုးတက် လျက်ရှိပြီး တရုတ်နိုင်ငံ၏ ထိပ်တန်း ပုဂ္ဂလိက စီးပွားရေး လုပ်ငန်း ၅၀၀ တွင် Zhejiang ကုမ္ပဏီ ၉၂ ခု ပါဝင်လျက်ရှိပါသည်။ ၎င်းကုမ္ပဏီများတွင် သတင်းနှင့် နည်းပညာ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်မှု၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်း၊ ဖက်ရှင်လုပ်ငန်း၊ ဘဏ္ဍာ ရေးလုပ်ငန်း၊ အဆင့်မြင့် ကိရိယာများ ထုတ်လုပ်ခြင်း လုပ်ငန်းနှင့် ယဉ်ကျေးမှု ဆိုင်ရာ လုပ်ငန်းများ အပါအဝင် “ထရီလီယံ စက်မှုလုပ်ငန်း ရှစ်ခု” ပါဝင်ပါသည်။ အဆိုပါ လုပ်ငန်းများသည် လုပ်သား အခြေပြု စက်မှုလုပ်ငန်းများ အပါအဝင် အရည်အသွေးမြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အတွက် ရှေ့ဆောင်လုပ်ငန်းများ လည်းဖြစ်ပါသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် နှင့် အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Zhejiang ပြည်နယ် ကုန်သွယ်ရေး ဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဋ္ဌ၊ CECCM ဉက္ကဋ္ဌနှင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း လူဦးရေ (၁၄၀) ခန့် တက်ရောက်ခဲ့ကြပါသည်။