မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးဖွင့်လှစ်ပွဲအခမ်းအနားကျင်းပ

Print Friendly, PDF & Email

မကွေးတိုင်းဒေသကြီး အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသူများနှင့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်လိုသူများ အနေဖြင့် မိမိတို့ဆောင်ရွက် လိုသည်များကို လျင်မြန်လွယ်ကူစွာဖြင့် ဆောင်ရွက်နိုင်ရန်နှင့် မကွေးတိုင်းဒေသကြီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး ဖွင့်လှစ်ပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ မတ်လ၂၀ရက်နေ့ နံနက်ပိုင်းတွင် မကွေးမြို့၊ ပြည်တော်သာ (၁)လမ်း၊ ပြည်တော်သာရပ်ကွက်၊ စုပေါင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။

ဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် မကွေးတိုင်းစက်မှုလက်မှုနှင့် လုပ်ငန်းရှင်များ အသင်းမှ အသင်းဝင်များ၊ မကွေးတိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက် ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီး ဦးစီးမှူးရုံးအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းမှ ရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ် ပေးခဲ့သည်။ ထို့နောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များက ရုံးခန်း အတွင်း လှည့်လည် ကြည့်ရှုကြသည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား ဒုတိယအပိုင်းအား မကွေးမြို့မြို့တော် ခန်းမတွင် ဆက်လက် ကျင်းပရာရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းမှ အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ ကြိုဆို နှုတ်ခွန်းဆက် ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် ပထမဦးဆုံး ကုမ္ပဏီမှတ်ပုံတင်သည့် လင်းကျော်အောင် မိသားစု ကုမ္ပဏီလီမိတက်အား ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ မကွေးတိုင်း ဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခြေအနေများနှင့် အလားအလာများအား ရှင်းလင်း တင်ပြခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးသန်းအောင်ကျော်မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ဦးရေ (၁၂၀)ခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။