
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
(ရန်ကုန်၊ နိုဝင်ဘာ ၁၂)
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ် များတွင် ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း မီးလောင်ဆုံးရှုံးခဲ့သော စက်ရုံများ လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရေးရည်ရွယ်၍ အဆိုပါစက်ရုံများမှ မြေပိုင်ရှင်များနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
အစည်းအဝေးတွင် ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် စက်ရုံများ၏ မြေပိုင်ရှင်များ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌများမှ မီးလောင်စက်ရုံများ အမြန်ဆုံး ပြန်လည် လည်ပတ်နိုင်ရေး ကိစ္စရပ်များ၊ ဘဏ်နှင့်ငွေကြေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံခြားသား ပညာရှင်များ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့််အညီ အချိန်တိုအတွင်း လာရောက်နိုင်ရေး ကိစ္စရပ်များ၊ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေရရှိရေးကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးတင်ပြကြပါသည်။
ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက မီးလောင်စက်ရုံများ အမြန်ဆုံး ပြန်လည်လည်ပတ်နိုင်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ပို့ကုန်တိုးမြှင့်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်၍ ယခုကဲ့သို့ အလေးထားလာရောက် ဆွေးနွေးခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုလည်း ဥပဒေနှင့်အညီ အခွန်ကင်းလွတ် သက်သာ ခွင့်များ၊ မီးအာမခံလျော်ကြေးရရှိရေး၊ မီးလောင်ခဲ့သည့် မော်တော်ယာဉ်များ အစားထိုးတင်သွင်း မှတ်ပုံတင်ခွင့် ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ ပိုင်ဆိုင်သည့် မီးလောင်ခံရသည့် စက်ရုံများ အမြန်ဆုံးပြန်လည် တည်ဆောက်လည်ပတ်နိုင်ရေး အတွက် နိုင်ငံတော်က ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်သမျှအားလုံးကို ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် သက်ဆိုင်ရာ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီတို့နှင့် အသေးစိတ်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဉီးသန့်စင်လွင်၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် သက်ဆိုင်ရာ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီတို့မှ တာဝန်ရှိသူများ၊ မီးလောင် ဆုံးရှုံးမှု ဖြစ်ပွားခဲ့သော စက်ရုံများမှ မြေပိုင်ရှင်များ တက်ရောက်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။