
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းဉီးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၁၉ ခုနှစ် မေလ ၂၂ မှ ၂၄ ရက်နေ့အထိ ကျင်းပခဲ့သော Myanmar Investment Seminar for Korean SMEs နှင့် Korean Fintech Week 2019 သို့ တက်ရောက် ခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ဆောင်မှုကော်မရှင်နှင့် Industrial Bank of Korea တို့က ကိုရီးယားနိုင်ငံရှိ SMEs လုပ်ငန်းများအတွက် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို မျှဝေဆွေးနွေးပေးနိုင်ပါရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၃-၅-၂၀၁၉ ရက်နေ့ နံနက်ပိုင်း၌ Seoul Dongdaemun Design Plaza (DDP) တွင်ကျင်းပပြုလုပ်ခဲ့သည့် Korea Fintech Week 2019 သို့ တက်ရောက် ခဲ့ပါသည်။ ၎င်းနောက် Korea Chamber of Commerce and Industry-KCCI တွင် ပြုလုပ်သည့် Myanmar Investment Seminar for Korean SMEs ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် Industrial Bank of Korea ဥက္ကဌ Mr. Kim, Do-Jin တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ ကိုရီးယားနိုင်ငံရှိ ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ SMEs လုပ်ငန်းရှင် ၂၈၀ ကျော် ပါဝင်တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးမှ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ၏ ပွင့်လင်းမြင်သာသည့် ပြဌာန်းချက်၊ လုပ်ထုံးလုပ်နည်းမူဝါဒများ၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးစီမံချက် (MIPP) နှင့် မြန်မာ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ပါ လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ကြိုဆို အားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြန်မာ နိုင်ငံ၌ ကိုရီးယား SMEs ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ကြိုဆိုပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် Industrial Bank of Korea ဥက္ကဌ Mr. Kim, Do-Jin၊ Posco C&C ဥက္ကဌ Mr. Daeryong Ha နှင့် ASEAN Korea Friendship Association မှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Mr. Baek Sungki တို့နှင့် အသီးသီးတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
၎င်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆိုးလ်မြို့ရှိ IBK Changgong Financial Center နှင့် Guro Digital Industrial Complex သို့ သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဉီးဇော်မင်းဝင်း၊ စက်မှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဉီးကိုကိုလွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဌာနတို့မှ ကိုယ်စားလှယ်များလိုက်ပါသွားကြပြီး ယနေ့ညပိုင်းတွင် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ကြသည်။