တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးကျင်းပ

တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးကျင်းပ

Posted on 06 December 2022

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးမြှင့်လာစေရန် ရည်ရွယ်၍ တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးကို ပူးတွဲကော်မရှင်ဥက္ကဋ္ဌ များဖြစ်ကြသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးတို့ ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးတွင် မြန်မာဘက်မှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရုရှားဘက်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး H.E Mr. Maxim Reshetnikov တို့ က အဖွင့်အမှာစကား အသီးအသီး ပြောကြားခဲ့ပါသည်။

ထို့နောက် ကော်မရှင် အစည်းအဝေးတွင် ရုရှား- မြန်မာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လက်ရှိအခြေအနေ၊ သဘောတူညီချက်များနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးအားကောင်း ခိုင်မာခြင်း၊ ကုန်သွယ်မှု၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ခြင်း၊ စက်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘဏ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း အစရှိသည့် ကဏ္ဍများ တွင် နှစ်ဖက်သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိသူများက ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

တတိယအကြိမ် ကော်မရှင်အစည်းအဝေးတွင် ဆွေးနွေးသည့် ဆွေးနွေးချက်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့မှာ ကျင်းပသည့် (၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့သော ရုရှား-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (Strategy for the Development of Russia-Myanmar Economic Cooperation)ကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက် နေခြင်းဖြစ်ပါသည်။

ဆက်လက်၍ စာချုပ်စာတမ်းများလက်မှတ်ရေးထိုးခြင်းအစီအစဉ်ကို ဆက်လက်ပြုလုပ် ခဲ့ပြီး စာချုပ်စာတမ်း (၇) ခုတို့ကို မြန်မာဘက်နှင့် ရုရှားဘက်တို့မှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် များက လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါသည်။ မွန်းလွဲပိုင်းတွင် မြန်မာဘက်မှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားဘက်မှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့က ဦးဆောင်၍ ရုရှား-မြန်မာ စီပွား‌ရေးဖိုရမ် မျက်နှာစုံညီအစည်း အဝေးကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် နှစ်နိုင်ငံ စီးပွား‌ရေးလုပ်ငန်းရှင်များဖြင့်ကျင်းပပြုလုပ်ခဲ့ကြပါသည်။

အစည်းအဝေး၌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ၂၀၂၂ ခုနှစ်သည် ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါသည့် နှစ်တစ်နှစ်ဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင် များ အကြား တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ကာ သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပါကြောင်း၊ ယနေ့အခမ်း အနားတွင်လည်း နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (MOU) များကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး စီးပွားရေးမိတ်ဖက်ကောင်းများအဖြစ် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို မြှင့်တင်ခဲ့ပါကြောင်း၊ ယခု ရုရှားကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ရရှိနိုင်မည့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို ကောင်းစွာ နားလည် ရှုမြင်နိုင်မည်ဟု မျှော်လင့်ပါကြောင်းထည့်သွင်း ပြောကြားခဲ့ပါသည်။

အဆိုပါ စီးပွားရေးဖိုရမ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး Mr. Maxim Reshetnikov နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဆွေးနွေးပြောကြားသူ(panelist) များအဖြစ် တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပြီး ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ စီးပွားရေးကိုယ်စားလှယ် ပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။

ထို့နောက် တတိယအကြိမ်ရုရှား-မြန်မာကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက် မှုကော်မရှင်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရုရှားစီးပွားရေး လုပ်ငန်းရှင် ကိုယ်စား လှယ်များနှင့် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များသည် မွန်းလွဲပိုင်း ဒုတိယအစီအစဉ်အဖြစ် စက်မှုနှင့် စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်နှင့် ဓာတ်သတ္တုလုပ်ငန်းကဏ္ဍ၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာကဏ္ဍ၊ သတင်းအချက်အလက်နှင့် ဒီဂျစ်တယ် နည်းပညာကဏ္ဍ၊ ဆေးဝါးနှင့် ဆေးပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်းကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းကဏ္ဍစသည့် ကဏ္ဍ(၆)ခုနှင့်စပ်လျဉ်း၍ တစ်ပြိုင်နက်တည်း ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲများတွင် တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါစကားဝိုင်းဆွေးနွေးပွဲများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌတို့က ကြီးမှူး၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ရုရှားကုမ္ပဏီ ၁၀၀ ကျော်နှင့် မြန်မာကုမ္ပဏီ ၂၀၀ ခန့်တို့ တက်ရောက်ခဲ့ကြကာ သက်ဆိုင်ရာကဏ္ဍများအလိုက် စီးပွားရေးအခွင့်အလမ်းများ၊ ဥပဒေ၊ နည်းဥပဒေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် စကားဝိုင်းဆွေးနွေးပွဲများ၏ ရလဒ်များအရ ရုရှားကုမ္ပဏီများနှင့် မြန်မာကုမ္ပဏီတို့အကြား လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ပြီး မြန်မာ့စီးပွားရေးအတွက် အကျိုးကျေးဇူးများ ဖော်ဆောင်ဖြစ်ထွန်းလာစေနိုင်မည်ဖြစ်ပါသည်။