ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များကို လွယ်ကူစွာဆွေးနွေးနိုင်မည့် အီလက်ထ‌ရောနစ် တွေ့ဆုံဆွေးနွေးခြင်းဝန်ဆောင်မှု (DICA Online Solution – DOSo) စနစ်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ပြီ

ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များကို လွယ်ကူစွာဆွေးနွေးနိုင်မည့် အီလက်ထ‌ရောနစ် တွေ့ဆုံဆွေးနွေးခြင်းဝန်ဆောင်မှု (DICA Online Solution – DOSo) စနစ်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ပြီ

Posted on 27 April 2023

၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၇) ရက်

          ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ကန့်သတ်ချက် များကို ကျော်လွှားနိုင်ရန်နှင့် အွန်လိုင်းမှတစ်ဆင့် အကြံပေးဝန်ဆောင်မှုများ လွယ်ကူစွာ ရယူနိုင်ရန်ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) က အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် အီလက်ထရောနစ်တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှု (DICA Online Solution – DOSo) စနစ်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် Unboxing Investment Facilitation Toolkit 2022 အခမ်းအနား၌ မြန်မာ့စီးပွားရေးရပ်ဝန်းသို့ မိတ်ဆက်ပေးနိုင်ခဲ့ပါသည်။  

DOSo စနစ်ကို စတင်အသုံးပြုနိုင်သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်၍ DICA အနေဖြင့် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များနှင့် ချိတ်ဆက်မှုများကို မြှင့်တင် နိုင်ခဲ့ပြီး လုပ်ငန်းရှင်များ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ခဲ့ကာ ထိရောက်သည့် တွေ့ဆုံ ဆွေးနွေးခြင်း ဝန်ဆောင်မှုများကို ပေးအပ်နိုင်ခဲ့ပါသည်။

 ယခုအခါ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အီလက်ထရောနစ် တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှု (DICA Online Solution – DOSo) စနစ်အား အဆင့်မြှင့် တင်ပြီးဖြစ်ပါသဖြင့် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များအနေဖြင့် DICA ၏ ရုံးချုပ် ဌာနခွဲများ သာမက သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲများနှင့်ပါ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း သက်သာစွာဖြင့် ချိတ်ဆက်ဆွေးနွေးနိုင်တော့မည် ဖြစ်ပါသည်။  

          သို့ဖြစ်ပါ၍ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များအနေဖြင့် (https://doso.dica.gov.mm/) သို့ဝင်ရောက်၍ အဆင့်မြှင့်တင်ပြီးဖြစ်သည့် အီလက်ထရောနစ် တွေ့ဆုံ ဆွေးနွေးခြင်း ဝန်ဆောင်မှု (DICA Online Solution – DOSo) စနစ်မှတစ်ဆင့် ထိရောက်ပြီး အကျိုးဖြစ်ထွန်းသည့် တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှုများ ရယူနိုင်ပြီဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။