ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တောင်ကြီးနှင့် ရပ်စောက်မြို့နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကြည့်ရှုအားပေးပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအား တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တောင်ကြီးနှင့် ရပ်စောက်မြို့နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကြည့်ရှုအားပေးပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအား တွေ့ဆုံ

Posted on 10 January 2022

(တောင်ကြီး၊ ဇန်နဝါရီလ ၁၀ )

    ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊ ပင်းပတ်ဒေသရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရာနှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Shan Yoma Cement Co.,Ltd ၏ တစ်နေ့လျှင် တန် (၁၀၀၀)ကျ စက်ရုံတည်ဆောက်ပြီး ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်းသို့ ရောက်ရှိခဲ့ရာ ကုမ္ပဏီ၏ Chief Executive Officer ဖြစ်သူ ဉီးရဲမြင့်က စက်ရုံလုပ်ငန်းလည်ပတ်နေမှုအခြေအနေများ၊ လုပ်ငန်းတိုးချဲ့ဆောင်ရွက်သွားမည့်ကိစ္စတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။  ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များ အကြံပြုညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဘိလပ်မြေ ထုတ်လုပ်မှုလုပ်ငန်းများကိုလည်းကောင်း၊ စက်ရုံဝင်းအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဆက်စပ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ထောပတ်သီးစိုက်ခင်းသို့ လည်းကောင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ရှိ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်သူများက စုပေါင်းဆောင်ရွက်လျက်ရှိသည့်  ထောပတ်သီးဆေးကြော၊ သန့်စင်၊ ထုတ်ပိုးမှုစက်ရုံသို့ ရောက်ရှိခဲ့ရာ စက်ရုံ၏တာဝန်ရှိသူများက  လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး စက်ရုံအတွင်း လှည့်လည် ကြည့်ရှုအားပေးခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရပ်စောက်မြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရာနှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Unique Lawksawk Mango Public Co., Ltd. ၏ သရက်သီးသန့်စင်ထုတ်ပိုးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက် ကြည့်ရှုအားပေးခဲ့ရာ ကုမ္ပဏီ၏ဒါရိုက်တာဖြစ်သူ ဉီးမြင့်ဉီးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထိုသို့တင်ပြစဉ် ပြည်ထောင်စုဝန်ကြီးက ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ သရက်သီးစိုက်တောင်သူများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ သရက်သီးအပြင် အခြားဈေးကွက်ဝင်သီးနှံများကိုပါ အဆင့်မီထုတ်ပိုးဈေးကွက်တင်နိုင်ရေး၊   ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံအတွင်း လုပ်ငန်း‌ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။

    ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့၌ ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအား တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံရေးအပြောင်းအလဲတွင် နိုင်ငံ၏စီးပွားရေး ထိခိုက်မှုမရှိစေရေးအတွက် နိုင်ငံတော်အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ အားလုံး လက်တွဲပြီး ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် စီးပွားရေးပြန်လည်ဉီးမော့လာစေရေးအတွက် အစိုးရနှင့် လုပ်ငန်းရှင်များ အားလုံးပူးပေါင်း ဆောင်ရွက်ရေး၊ နိုင်ငံ့စီးပွားရေး ပြန်လည်တည်ငြိမ် ကောင်းမွန်လာစေရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ထားသည့်အချက်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် မလိုအပ်သည့် လုပ်ငန်းအဆင့်များလျော့ချရေး၊ အစိုးရဌာနအသီးသီးနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စွာဖြင့် မြန်ဆန် သွက်လက်အောင် ဆောင်ရွက်နိုင်ရေး၊ အချို့သော လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများကို ပြန်လည်သုံးသပ်ကာ လိုအပ်သလို ပြင်ဆင်နိုင်ရေး  ဦးစားပေးဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်မှုရှိလာသည်နှင့်အမျှ စီးပွားရေးလုပ်ငန်းများ ဆောလျင်စွာ ပုံမှန်ပြန်လည် ရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
     ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များက လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ နိုင်ငံတော်အစိုးရက ပံ့ပိုးကူညီပေးရန် လိုအပ်သည့်အချက်များနှင့် အကြံပြုချက်များ ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
    အဆိုပါ အခမ်းအနားသို့ ရှမ်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီး ဉီးခွန်သိန်းမောင် ၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဉက္ကဋ္ဌ၊ ဉီးအောင်ဆန်းဝင်း၊  ဒုတိယဉက္ကဋ္ဌများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။