အချက်အလက်မခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များနှင့် ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ရှင်းလင်းပြောကြား

Print Friendly, PDF & Email

(၂၀၂၂ ခုနှစ် မတ်လ ၁ ရက်၊ ရန်ကုန်)

အင်တာနက်သတင်းစာမျက်နှာတစ်ခုဖြစ်သော ISP-Myanmar က ဖော်ပြထားသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များသည် လက်ရှိအမှန်တကယ် ဖြစ်ပေါ် လျက်ရှိသည့်အခြေအနေများနှင့် ကွဲလွဲမှုရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)၏ ဆက်သွယ် မေးမြန်းမှုကိုပြန်လည် ရှင်းလင်းဖြေကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်က ဖြေကြားရာတွင် ISP-Myanmar Website စာမျက်နှာက “အလေးထားရမည့်ဒေတာအချက်အလက်များအမှတ်-၄” ဆိုသည့် သုံးသပ်ချက်တစ်ခုအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့၌ ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ သုံးသပ်ချက်တွင် ဖော်ပြ ပါရှိသော လုပ်ငန်းထွက်ခွာ၊ ပိတ်သိမ်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၂၅ ခုစာရင်းကို မိမိလည်းဖတ်ရှုမိပါကြောင်း၊ Oil and Gas Company တစ်ခုဖြစ်သော Petronas Inc. & UNOG Pte. Ltd. မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မတိုင်မီကတည်းက လုပ်ငန်း ပိတ်သိမ်းခဲ့ခြင်း ဖြစ်ပြီး၊ Woodside Energy (Myanmar) Pte. Ltd. ကသာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ပိတ်သိမ်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ISP- Myanmar Website တွင် ပါဝင်သော ကျန်လုပ်ငန်း ၂၃ ခုမှာ လုပ်ငန်းပိတ်သိမ်းရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် သို့ တရားဝင် တင်ပြထားခြင်းမရှိသေးပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခု (ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၀၇.၄၈၈ သန်း) မှာ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တရားဝင်တင်ပြခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ တို့နှင့်အညီ ခွင့်ပြုမိန့်ပြန်လည်အပ်နှံခဲ့ပါကြောင်း၊ ခွင့်ပြုမိန့်ပြန်လည်အပ်နှံရန် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအချို့ရှိသော်လည်း ISP-Myanmar Website စာမျက်နှာတွင် ဖော်ပြထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ အားလုံးတော့ ပါဝင်မှုမရှိပါကြောင်း ဖြေကြားခဲ့ပါသည်။

ထို့အပြင် ISP-Myanmar Website စာမျက်နှာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်မီနှင့် ဖေဖော်ဝါရီလ၁ ရက်နေ့နောက်ပိုင်းကာလကို နှိုင်းယှဉ်လျှင် တရုတ်ရင်းနှီးမြှုပ်နှံမှုမှာ ခြောက်ဆနီးပါး တက်လာကြောင်း ဖော်ပြထားသော်လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၄၄၃.၇၄၄ သန်းရှိပြီး၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ အထိ အမေရိကန်ဒေါ်လာ ၁၄၆.၀၈၇ သန်း သာဝင်ရောက်လာခဲ့သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူပြီး နောက်ပိုင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၆၇ ရာခိုင်နှုန်း ကျဆင်း သွားခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၀.၀၁ ရာခိုင်နှုန်းရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၄.၆၄ ရာခိုင်နှုန်းသာရှိပါကြောင်း၊ ဤသို့ဖြစ်ရခြင်းမှာ ကမ္ဘာတစ်ဝှမ်း၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျဆင်းရခြင်းဖြစ်ပြီး မိမိတို့မြန်မာနိုင်ငံမှာလည်း အလားတူကျဆင်းရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ISP-Myanmar Website စာမျက်နှာတွင် ဖော်ပြသည့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုစာရင်းမှာ မိမိတို့ဦးစီးဌာန၏ ကိန်းဂဏန်း အချက်အလက်များနှင့် ကွဲလွဲနေကြောင်းဖြေကြားခဲ့ပါသည်။

အင်တာနက်သတင်းစာမျက်နှာတစ်ခုဖြစ်သော The Institute for Strategy and Policy – Myanmar (ISP-Myanmar) သည် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ISP မှ သုံးသပ်သည့် အချက်အလက်များသည် ဌာနဆိုင်ရာ အချက်အလက်များနှင့် Social Media များ ၏ အချက်အလက်များကို အခြေပြုထားသည် ဆိုသော်လည်း ISP-Myanmar ၏ စီးပွားရေး သုံးသပ်ချက်များမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည် ချက် (၉) ရပ် တို့နှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရပါကြောင်း ဖြေကြားခဲ့ပါသည်။

ထို့အပြင် “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့်ပတ်သက်သည့် ကိန်းဂဏန်းများကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာတွင် အသေးစိတ် လေ့လာနိုင်သည်” ဟု ISP-Myanmar Website စာမျက်နှာတွင် ဖော်ပြထားခြင်းနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ တရားဝင်ဝက်ဘ်ဆိုဒ် ဖြစ်သည့် (www.dica.gov.mm) သည် ၂၀၁၃ ခုနှစ်ကတည်းက တည်ထောင်ထားခြင်းဖြစ်ပြီး ယင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းများကို ဖော်ပြရာ၌ ၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ယနေ့အချိန်အထိ ကဏ္ဍအလိုက်၊ နိုင်ငံ/ဒေသအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစာရင်းနှှင့် နှစ်အလိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစာရင်းကိုသာ ဖော်ပြထားပါကြောင်း၊ ISP-Myanmar က ဖော်ပြထားသည့် အချက် အလက်များမှာ မိမိတို့၏ အချက်အလက်များနှင့် ကိုက်ညီမှုမရှိပါကြောင်း၊ ISP-Myanmar ၏ အဆိုပါဖော်ပြချက်များကို လေ့လာသုံးသပ်ရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေး ဦးတည်ချက်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့် ဦးစားပေး အစီအစဉ်နှင့် ရည်မှန်းချက်များ၊ ပြည်တွင်း သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်မည့် ရည်မှန်းချက်နှင့် နိုင်ငံသားများ စားနပ်ရိက္ခာပေါကြွယ်ဝစေရေးအတွက် ဆောင်ရွက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သွင်းကုန် အစားထိုးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့်ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရ ကြောင်းဖြေကြားခဲ့ပါသည်။